လပိုင်းပဲ အသက်ရှင်မယ်လို့ မှတ်ချက်ပေးခံရသူက မွေးရပ်မြေပြန်သွားပြီး နှစ် ၄၀ ကျော် အသက်ရှင်ခဲ့

ppp1.jpg

အဆုတ်ကင်ဆာ ခံစားနေရလို့ ၆ လကနေ ၉ လပဲ အသက်ရှင်တော့မယ်လို့ ဆရာဝန်တွေက မှတ်ချက်ပေးခဲ့သူတစ်ဦးဟာ သူ့ရဲ့ နောက်ဆုံးအချိန်ကို မွေးရပ်မြေမှာပဲ နေထိုင်ဖို့ ဆုံးဖြတ်ပြီး နေထိုင် စားသောက်မှုပုံစံ ပြောင်းလဲခဲ့ပြီးနောက် နှစ်ပေါင်း ၄၀ ကြာ ရှင်သန်နေထိုင်သွားခဲ့ပါတယ်။

အမေရိကန်မှာ နေထိုင်တဲ့ ဂရိ-အမေရိကန်နွယ်ဖွား မိုရိုင်တစ်ဟာ ၁၉၇၀ ပြည့်နှစ် အစောပိုင်းမှာ အဆုတ်ကင်ဆာ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ဆေးရုံမှာပဲ မကုန်ဆုံးချင်တဲ့ မိုရိုင်တစ်က သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဂရိနိုင်ငံ အိုင်ကာရီယာကျွန်းငယ်လေးကို ပြန်သွားခဲ့ပါတယ်။


မွေးရပ်မြေကို ရောက်တော့ မိုရိုင်တစ်ရဲ့ နေထိုင်စားသောက်မှု ပုံစံက ပြောင်းလဲသွားတယ်။ လေကောင်းလေသန့်ရပြီး အိပ်ရေးဝဝ အိပ်ခွင့်ရသလို အစားအစာတွေကလည်း လတ်လတ်ဆတ်ဆတ် ခူးစားတာဖြစ်လို့ ကျန်းမာရေး ပိုကောင်းလာတယ်။ သူက နေ့တိုင်း လမ်းလျှောက်ပြီး တောင်ပေါ် တက်လေ့ရှိတယ်။ ညနေခင်းတွေမှာ မိတ်ဆွေတွေနဲ့ စကားလက်ဆုံကျပြီး ညကျရင် ဒေသထွက် ဝိုင်လေး နည်းနည်းပါးပါး သောက်တတ်ပါတယ်။ သူ့အတွက် အပူအပင်ဆိုတာလည်း မရှိပါဘူး။

ဒီလိုနဲ့ ဆရာဝန်တွေ ခန့်မှန်းထားတဲ့ အချိန် ၉ လ ကျော်လွန်သွားခဲ့ပြီး ရောဂါလက္ခဏာကလည်း ပိုတောင် သက်သာလာပါသေးတယ်။ လတွေ နှစ်ပြောင်းပြီး မိုရိုင်တစ်က မွေးရပ်မြေရဲ့ လူနေမှုပုံစံနဲ့ ပိုအသားကျလာခဲ့ပါတယ်။ မိုရိုင်တစ်ရဲ့ ဖြစ်ရပ်မှာ သဘာဝပတ်ဝန်းကျင်၊ ကိုယ်လက်လှုပ်ရှားမှု၊ စားသောက်နေထိုင်မှု၊ အပေါင်းအသင်း စတဲ့ အချက်တွေကလည်း အသက်ရှည်ခြင်းကို အထောက်အပံ့ ဖြစ်စေတာ ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။


နောက်ပိုင်းမှာတော့ မိုရိုင်တစ်ရဲ့ မွေးရပ်မြေ အိုင်ကာရီယာကျွန်းကို ” အလွန် အသက်ရှည်သူတွေ နေထိုင်ရာ အပြာရောင်ဇုန်” အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Ref: The Island Where People Forget to Die – The New York Times

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top