၂၀၁၉ ခုနှစ် မေလမှာ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ အဂ္ဂါမက်ဂရီဂေါ်က လော့စ်အိန်ဂျလိစ်ကောင်တီမှာ ခရီးကြမ်းနှင်သူတွေကြား ရေပန်းစားတဲ့ အီတန်ချောက်ကမ်းပါးဆီကို သွားတယ်။ သူ့လက်ထဲမှာ ငါးဂါလံပုံးတစ်လုံးနဲ့ လက်အိတ်တစ်စုံ ကိုင်လာခဲ့တာပါ။ အီတန်ချောက်ကမ်းပါးမှာ အမှိုက်တွေနဲ့ ပြည့်နှက်နေတယ်။ ဘီယာဘူးခွံတွေ၊ ပလတ်စတစ်ဘူးတွေ၊ ဖုန်းအစုတ်တွေ၊ မီးခြစ်တွေ၊ နှာခေါင်းစည်းတွေ၊ ကားတာယာတွေ ပြန့်ကြဲနေတာပါ။ ၁၀ ပေလောက်ရှိတဲ့ အပူပေးစက်ပါ ပစ်ထားတာ တွေ့ရပါတယ်။
တစ်နှစ်ကို လာရောက်လည်ပတ်သူ ၆ သိန်းကျော် ရှိနေတဲ့ အီတန်ချောက်ကမ်းပါးဟာ အမှိုက်ပစ်စရာနေရာတစ်ခုလို ဖြစ်နေပြီး ဒီကိစ္စကို ဘယ်သူကမှလည်း အရေးတယူလုပ်ပြီး မဖြေရှင်းကြဘူး။ အဂ္ဂါက ဒီအမှိုက်တွေကို ရက် ၂၀ လောက်နဲ့ ရှင်းနိုင်လိမ့်မယ်ထင်ပြီး အမှိုက်ရှင်းဖို့ ရောက်လာခဲ့တာပါ။ ဒါပေမဲ့ လမ်းကြောင်းတိုင်း၊ ရေတံခွန်တိုင်း၊ စမ်းချောင်းတိုင်း၊ ချောင်းသွယ်တိုင်းမှာ အမှိုက်တွေ အပြည့်ပဲ။ ဒီအမှိုက်တွေကို ပြောင်စင်အောင် ရှင်းဖို့ဆိုရင် ရက်သတ္တပတ်လောက်နဲ့ မရဘူး၊ တော်တော်အချိန်ယူရမယ်ဆိုတာကို အဂ္ဂါ နားလည်လိုက်ပါတယ်။

အဂ္ဂါက အလုပ်က ပြန်လာတိုင်း အချိန် ဘယ်လောက်ပဲရရ မပျက်မကွက် အမှိုက်လာကောက်လေ့ ရှိတယ်။ သူဟာ ပြန်သုံးလို့ရတဲ့ အမှိုက်နဲ့ ပြန်သုံးလို့ မရတဲ့ အမှိုက် ၂ မျိုး ၂ စားခွဲပြီး ပုံး ၂ လုံးနဲ့ အမှိုက် လာကောက်တယ်။ ဘယ်လောက်ပဲ အပူချိန် မြင့်မြင့်၊ မိုးတိမ်တောင်တွေပဲ ဖြစ်နေနေ၊ ဆီးနှင်းတွေပဲ ကျနေနေ၊ တောမီးလောင်လို့ ပြာမှုန့်တွေပဲ လွင့်နေနေ အဂ္ဂါက အမှိုက်ကောက်တဲ့အလုပ်ကို တစ်ရက် မပျက်ကွက်ခဲ့ဘူး။ ကပ်ရောဂါကြောင့် တောင်တက်ခရီးလာသူတွေကို ပိတ်ထားတဲ့အချိန်မှာလည်း အဂ္ဂါကတော့ ပုံး ၂ ပုံး ကိုင်ပြီး အမှိုက် လာကောက်နေဆဲပါပဲ။
ဒီလိုနဲ့ ရက်ပေါင်း ၅၈၉ ရက်အကြာမှာတော့ သူက အမှိုက်အလေးချိန် ပေါင် ၁၂၀၀၀ ကနေ ၁၅၀၀၀ ကြား ကောက်ယူသိမ်းဆည်းပေးခဲ့ပြီး အီတန်ချောက်ကမ်းပါးကို အမှိုက်ကင်းစင်စေခဲ့ပါတယ်။ သူဟာ ပြန်သုံးလို့ရတဲ့ အမှိုက်တွေကို ရောင်းချရာကနေ ဒေါ်လာ ရာနဲ့ချီ ရရှိခဲ့ပြီး ဒီငွေကိုလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေထံ လှူဒါန်းခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ဟာ ၂၀၂၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပခွင့် ရရှိထားပြီး အိုလံပစ်ပြိုင်ပွဲ လာကြည့်သူတွေက အီတန်ချောက်ကမ်းပါးကို အလည်သွားရင်း အမှိုက်တွေ ပွစာကြဲနေတာကို တွေ့ရင် ကမ္ဘာ့အလယ်မှာ အရှက်ရစရာ ဖြစ်မှာကို စိုးရိမ်တာကြောင့်လည်း အခုလို အမှိုက်တွေကို ရှင်းလင်းခဲ့တာလို့ အဂ္ဂါက ဆိုပါတယ်။

အဂ္ဂါဟာ အီတန်ချောက်ကမ်းပါးမှာ သူ အမှိုက် မကောက်ရသေးခင် အခြေအနေနဲ့ အမှိုက်ကောက်ပြီးနောက် အခြေအနေတွေကို ဓာတ်ပုံနဲ့အတူ ယှဉ်တွဲဖော်ပြပြီး #EarthCleanUp စာသားနဲ့အတူ လူမှုကွန်ရက်မှာလည်း တင်ခဲ့ပါတယ်။ သူဟာ ၂ ပတ်၊ ၃ ပတ်ခြား တစ်ကြိမ်နှုန်းအားဖြင့် အီတန်ချောက်ကမ်းပါးကို လာလေ့ရှိပြီး အမှိုက်တွေ ထပ်ပစ်ထားတာ တွေ့ရင်လည်း ထပ်မံရှင်းလင်းဖယ်ရှားလျက် ရှိပါတယ်။
” ကမ္ဘာ့ရာသီဥတုအရေးက အစုအဖွဲ့လိုက် လုပ်ရမယ့်ကိစ္စပါ။ ကျွန်တော်တို့ကို ကယ်တင်ပေးမယ့် သူရဲကောင်းတစ်ယောက် ရုတ်ချည်းထွက်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒီကမ္ဘာမြေကို အကောင်းအတိုင်း ထိန်းသိမ်းထားဖို့ဆိုရင် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူဦးရေ ၁ ဘီလျံလောက် လိုအပ်ပါတယ် ”လို့ အဂ္ဂါက ဆိုပါတယ်။
ဒီလောက် ကြီးမားတဲ့ ချောက်ကမ်းပါးမှာ နေရာစုံ ပြန့်ကြဲနေတဲ့အမှိုက်တွေကို ငါတစ်ယောက်တည်းနဲ့ ရှင်းနိုင်ပါ့မလား၊ ဖြစ်နိုင်ပါ့မလားလို့ အဂ္ဂါက သံသယမဝင်ခဲ့ဘဲ သူ လုပ်နိုင်စွမ်းရှိသမျှကို ခိုင်မာတဲ့စိတ်ဓာတ်နဲ့ မပျက်မကွက် လုပ်ဆောင်ခဲ့ခြင်းကပဲ ကြီးမားတဲ့ရလဒ် ထွက်ပေါ်စေခဲ့တာပါ။
Ref: This Hiker Hero Cleaned Up Literally All of the Trash on One of LA’s Most Popular Trails
NZ (ရိုးရာလေး)

