ဆရာမအပေါ် စာနာစိတ်ကြီးပြီး ကျေးဇူးသိတတ်တဲ့ကလေးလေး

yyl-029-3.jpg

ဖလော်ရီဒါပြည်နယ်က အသက် (၉) နှစ်အရွယ်ကောင်လေး ပါကာ ဝီလျံ (Parker William) ဟာ သူ့ရဲ့မွေးနေ့မှာ (၁၅) ဒေါ်လာရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီပိုက်ဆံကို အရုပ်တွေ၊ မုန့်တွေဝယ်ဖို့အတွက် မသုံးခဲ့ဘဲ သူတက်ရောက်နေတဲ့ အလယ်တန်းကျောင်းက သူ့ရဲ့ဆရာမကို လက်ဆောင်အနေနဲ့ ပေးပစ်ခဲ့ပါတယ်။ အဲဒီဆရာမက အရမ်းကြင်နာတတ်ပြီး လူတိုင်းကို အချိန်ပေးသင်ကြားပေးတဲ့ အတွက်ကြောင့် ပါကာက သူ့ပိုက်ဆံတွေကို ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပါကာက အရေးကြီးတဲ့အလုပ်ကို ထမ်းဆောင်နေတဲ့ သူ့ဆရာမအတွက် တစ်ခုခုကောင်းပေးချင်ခဲ့တာပါ။ ပါကာက အဲဒီအကြောင်းကို တစ်ပတ်လောက် ညတိုင်းစဉ်းစားခဲ့ပြီးတဲ့နောက်မှာ သူ့ဆရာမ မာရီ ဟောလ် ချန်ဘာ (Mary Hall Chambers) ကို “ချစ်လှစွာသော.. Mrs Chambers ဆရာမတွေက သူတို့လုပ်ပေးသလောက် ပိုက်ဆံလုံလုံလောက်လောက်ရမယ်လို့ ကျွန်တော်မထင်ဘူး။ ဒါကြောင့် ဒီလက်ဆောင်ကို ဆရာမ လက်ခံပေးမယ်မလား” ဆိုတဲ့စာတိုလေးနဲ့အတူ ပိုက်ဆံကို ပေးခဲ့ပါတယ်။

စာသင်ချိန်မတိုင်ခင်က သူ့လက်ထဲကို ပါကာက စာအိတ်လေးကမ်းပေးခဲ့တာပါ။ အဲဒီတုန်းက ဆရာမကလည်း ကျောင်းခရီးအတွက် ပိုက်ဆံလို့ပဲထင်ခဲ့တဲ့အတွက် ရေးထားတဲ့စာကို မြင်လည်းမြင်လိုက်ကော တအံ့တသြဖြစ်သွားခဲ့ပါတယ်။ ဆရာမက သိသိချင်းပဲ “ဆရာမ ဒါကို လက်မခံနိုင်ပါဘူး။ ဒါပေမဲ့ ဒီအတွက် ကျေးဇူးတင်ပါတယ် ပါကာ။ သားလိုမျိုးကျောင်းသား/သူတွေက ဆရာမ သင်ကြားပေးရတဲ့အကြောင်းအရင်းပါပဲ” ဆိုတဲ့စာတိုလေးနဲ့ ပိုက်ဆံကို ပြန်ပေးခဲ့ပါတယ်။

ပါကာရဲ့မိဘတွေက သူတို့ရဲ့သားသမီးတွေကို ဘယ်လိုပဲဖြစ်ဖြစ် အခြားသူတွေအပေါ်ကောင်းပေးရမယ်လို့ သွန်သင်ဆုံးမထားတာပါ။ သူတို့ရဲ့သားက အခုလိုအစီအစဉ်လုပ်မယ်ဆိုတာ မသိခဲ့တဲ့အတွက် အံ့အားသင့်ခဲ့ရပြီး ဆရာမတွေ ရတဲ့လစာကနည်းတယ်ဆိုတာကို ပါကာဘယ်လိုသိခဲ့လည်းဆိုတာ သူတို့မသိခဲ့ဘူးလို့ ဆိုပါတယ်။ သူတို့က ချန်ဘာကို ဒီလိုမျိုးလုပ်အောင် ပါကာကို စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့အတွက် “လေးစားစရာကောင်းတဲ့ဆရာမ” အဖြစ်သတ်မှတ်ခဲ့ပြီး ကျေးဇူးတင်လို့မဆုံးဖြစ်ခဲ့ပါတယ်။

Ref: 9-year-old in Florida uses birthday money to give his teacher a raise, says more people should be nice

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top