၁၉၆၅ ခုနှစ်က ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ ၁၇ နှစ်အရွယ် လူငယ်လေးတစ်ယောက် စိတ်ကျန်းမာရေးဆေးရုံ အဆောင်ထဲမှာ ထိုင်နေတယ်။ သူ့နားထင်မှာ လျှပ်စစ်ငုတ်တွေ ချိတ်ထားတယ်။ စိတ်ကျန်းမာရေးဆေးရုံ ရောက်လာရတဲ့ အကြောင်းရင်းကတော့ မိဘတွေ သဘောအတိုင်း ရှေ့နေမလုပ်ဘဲ စာရေးဖို့ပဲ တောင်းဆိုနေတာကြောင့်ပါ။ အဲဒီကောင်လေးနာမည်က ပေါ်လိုကွယ်ဟို။
သူ့မိဘတွေက သူ့ကို ဦးနှောက်ပျက်နေတယ်ထင်ပြီး အတင်းအကြပ် ဆေးတွေ တိုက်တယ်။ တစ်ယောက်တည်း သီးသန့်ခွဲထားတယ်။ လျှပ်စစ်ရှော့ရိုက်တဲ့ ကုထုံးတွေနဲ့ ကုသခိုင်းတယ်။ ၂ နှစ်ကျော်ကာလအတွင်း အဲဒီလိုတွေ ကြုံခဲ့ရပြီးနောက်မှာတော့ ပေါ်လိုကွယ်ဟိုလည်း သူ့မိဘတွေလက်ကနေ လွတ်မြောက်သွားတယ်။ သူက ရော့ခ်သီချင်းတွေ ရေးတယ်။ လျှို့ဝှက်ဆန်းကြယ်ဝါဒနဲ့ မျက်လှည့်အတတ်ကို လေ့လာသင်ယူပြီး ဘယ်သူမှ မဖတ်ဘူးလို့ ထင်ကြတဲ့ ဝတ္တုတွေ ရေးတယ်။
၃၈ နှစ်အရွယ်အထိ သူ့ဘဝက အနှစ်သာရ ကင်းမဲ့နေတယ်လို့ သူ ခံစားရတယ်။ သူ ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို ကျောပိုးအိတ်ထဲထည့်ပြီး စပိန်နိုင်ငံတဝန်း မိုင် ၅၀၀ လောက် ခရီးနှင်ရင်း သူ့အတွက် ဘဝအဓိပ္ပာယ်ကို ရှာဖွေခဲ့တယ်။ အဲဒီလို ခရီးနှင်ရင်းနဲ့ လူတိုင်းမှာ ပြည့်ဝချင်တဲ့ ရည်မှန်းချက်တစ်ခု ရှိကြတယ်၊ လှိုင်းတွေနောက် လိုက်ရဲတဲ့သူကိုသာ စကြဝဌာထဲကနေ လှိုင်းတွေ ပို့လွှတ်ပေးတတ်တယ်လို့ သူ အတွေးရသွားတယ်။

အဲဒီခရီးက အပြန်မှာ အခန်းအောင်းပြီး ၂ ပတ်ဆက်တိုက် စာရေးတယ်။ အဲဒါကတော့ The Alchemist စာအုပ်ပါပဲ။ ၁၉၈၈ ခုနှစ်မှာ The Alchemist စာအုပ်ကို ထုတ်တော့ လုံးဝနီးပါး မရောင်းရဘူး။ စာပေဝေဖန်ရေးသမားတွေက သူ့စာအုပ်ကို အဖက်မလုပ်ဘူး။ ထုတ်ဝေသူကလည်း ဒီစာအုပ်ကို ဆိုင်တွေကနေ ပြန်သိမ်းခဲ့တယ်။ ဒါပေမဲ့ ပေါ်လိုကွယ်ဟိုက လက်မလျှော့ခဲ့ပါဘူး။ နောက်ထပ် ထုတ်ဝေသူတစ်ယောက် လိုက်ရှာခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ဒီစာအုပ်အကြောင်း တစ်ယောက်စကား တစ်ယောက်နား ကြားရာကနေ ရောင်းအားမြင့်တက်လာခဲ့တယ်။ ဒီနေ့အချိန်အထိ The Alchemist စာအုပ်ကို ဘာသာပေါင်း ၈၀ အထိ ပြန်ဆိုထုတ်ဝေခဲ့ပြီး အုပ်ရေ သန်း ၁၅၀ ကျော် ရောင်းချခဲ့ရပါတယ်။ သမိုင်းတစ်လျှောက် ရောင်းအားအကောင်းဆုံး စာအုပ်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဦးနှောက်ပျက်နေတယ်ထင်ပြီး မိဘတွေကိုယ်တိုင် စိတ်ကျန်းမာရေးဆေးရုံပို့ပြီး လျှပ်စစ်ရှော့ရိုက်ကုထုံးနဲ့ ကုသမှု ခံယူစေခဲ့တဲ့ လူငယ်လေးဟာ သူ့ယုံကြည်ချက်နောက် အခိုင်အမာလိုက်ရင်း ကမ္ဘာကျော်စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တာပါ။
Ref: Book traces Paulo Coelho’s rise from rebel to bestseller
NZ (ရိုးရာလေး)

