ရှေးတေလာက စာတော်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ကွန်နက်တီကပ်ပြည်နယ်၊ ဝီလ်ဘာခရော့စ်အထက်တန်းကျောင်းကနေ ကျောင်းပြီးခဲ့သူတွေထဲမှာ အမှတ်အများဆုံးရသူ ၁၀ ရာခိုင်နှုန်းထဲ ပါဝင်ခဲ့တာပါ။
မိခင်တစ်ဦးတည်းရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့တဲ့ ရှေးတေလာဟာ ချို့တဲ့နွမ်းပါးပြီး ပညာသင်ဆု လျှောက်ထားတာ၊ ငွေကြေးအကူအညီ လျှောက်ထားတာတွေကိုလည်း မသိ နားမလည်ခဲ့ပါဘူး။
သူ့အသက် ၁၈ နှစ်အရွယ်မှာပဲ သားအမိနှစ်ယောက် စားဝတ်နေရေးအတွက် ယေးလ်နယူးဟဲဗန်းဆေးရုံမှာ သန့်ရှင်းရေး ဝင်လုပ်ခဲ့ပါတယ်။ သူဟာ လူနာအဆောင်တွေ၊ ရုံးခန်းတွေကိုသန့်ရှင်းရေး ဝင်လုပ်ပေးရပါတယ်။
တစ်ရက်မှာတော့ သူတို့အိမ် မီးလောင်ပြီး သူ့အမေလည်း အဆုတ်ကို ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့တာကြောင့် အသက်ရှူဖို့ ခက်ခဲတဲ့ အခြေအနေ ကြုံခဲ့ပါတယ်။ ဆေးရုံမှာ အကြိမ်ကြိမ် လာပြခဲ့ပေမဲ့ ဆရာဝန်တွေက ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာမတွေ့ခဲ့ပါဘူး။ အသက်ရှူ ခက်ခဲတယ်ဆိုတာ အမှန်တကယ် မဟုတ်ဘဲ သူ့စိတ်ထဲမှာ ထင်နေတာလို့ ဆရာဝန်တွေက ယူဆခဲ့ကြပါတယ်။
အဲဒီအတွက် ရှေးတေလာက ဆေးရုံအမှုဆောင်ချုပ်ကို ဆက်သွယ်ခဲ့ပြီး သူ့အမေအတွက် အကူအညီတောင်းခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ သူ့အမေကို အခြားဆေးအဖွဲ့နဲ့ ပြောင်းလဲပြသခွင့် ရခဲ့ပြီး အသံကြိုးထိခိုက်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးဟာ ကြုံတောင့်ကြုံခဲဖြစ်လို့ ဆရာဝန်တွေ သတိမထားမိနိုင်တာမျိုး ရှိပါတယ်။
ဒီအခိုက်အတန့်ကပဲ ရှေးတေလာရဲ့အနာဂတ်ကို အပြောင်းအလဲ ဖြစ်စေခဲ့တာပါ။ သူ့အမေအတွက် ကူညီပေးနိုင်ရင် အခြားလူနာတွေကိုလည်း ဒီလို ကူညီနိုင်လိမ့်မယ်ဆိုတဲ့အတွေးက ရှေးတေလာရဲ့ခေါင်းထဲ ရောက်လာခဲ့တယ်။ ဒါကြောင့်ပဲ သူက ဆရာဝန်ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။
ဒါပေမဲ့ သူ ဖြတ်သန်းရတဲ့ ခရီးလမ်းက မလွယ်ကူခဲ့ပါဘူး။ လမ်းညွှန် ကူညီပေးမယ့်သူ မရှိတာကြောင့် သူ သိချင်တာတွေကို ဂူဂဲလ်ကနေ ရှာဖွေလေ့လာပြီး ဆေးကျောင်းတက်ခွင့်ရဖို့ ကြိုးစားခဲ့ရတာပါ။ တောင်ပိုင်းကွန်နက်တီကပ်ပြည်နယ်တက္ကသိုလ်မှာ ကျောင်းတက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဆေးကျောင်းတက်ခွင့်ရဖို့ လိုအပ်တဲ့ သိပ္ပံသင်တန်းတွေ ပြီးမြောက်အောင်မြင်ဖို့အတွက် ကွင်နီပီအက်ခ်တက္ကသိုလ်မှာ မာစတာတန်း တက်ခဲ့ပါတယ်။
သူဟာ နေ့ဘက်ဆို ကျောင်းတက်ပြီး ညဘက်ဆို ဆေးရုံသန့်ရှင်းရေးအဖြစ် အလုပ်လုပ်ရပါတယ်။ သူ့ရဲ့ မလျှော့သော ဇွဲ၊ လုံလကြောင့် ဟောင်းဝပ်တက္ကသိုလ်မှာ ဆေးပညာ ဘာသာရပ် သင်ယူလေ့လာခွင့် ရခဲ့ပြီး ဆရာဝန် ဖြစ်လာချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ သန့်ရှင်းရေး လုပ်ခဲ့တဲ့ ယေးလ်နယူးဟီဗန်းဆေးရုံမှာ တာဝန်ထမ်းဆောင်ခွင့် ရခဲ့တာပါ။
သူ့ရဲ့ဖြစ်ရပ်က အနာဂတ် မသေချာ မရေရာဖြစ်နေသူတွေ အားကျအတုယူစရာ ဖြစ်စေဖို့ မျှော်လင့်တယ်လို့ ရှေးတေလာက ဆိုပါတယ်။ ” ငြင်းပယ်ခံရမှုကို နောက်ဆုံးအဖြေအဖြစ် မသတ်မှတ်ကြစေချင်ပါဘူး”လို့ ရှေးတေလာက ပြောပါတယ်။
Ref: She Worked As A Janitor At Yale Hospital For 10 Years. Now She’s Returning As A Doctor
NZ (ရိုးရာလေး)

