လူသိအများဆုံး အမှတ်တံဆိပ်တစ်ခုကို တည်ထောင်ခဲ့တဲ့ လူသိအနည်းဆုံး လူသားတစ်ဦး (သို့) ချာလီယိုယူဗင်ဒြာ

red.jpg

” ကိုယ် ကျွမ်းကျင်တဲ့အလုပ်ကို လုပ်၊ အဲဒါက အချိန်ရော၊ ငွေရော အလေအလွင့် သက်သာတယ်”

ဒါကတော့ ကမ္ဘာကျော် Red Bull အားဖြည့်အချိုရည်ကုမ္ပဏီကို တည်ထောင်ခဲ့သူ ချာလီယိုယူဗင်ဒြာရဲ့ အယူအဆပါပဲ။

ပြီးခဲ့တဲ့နှစ်က Red Bull ကုမ္ပဏီက အချိုရည်ပုလင်းပေါင်း ၁၄ ဘီလျံ ရောင်းချခဲ့ရပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိ ရရှိခဲ့ပါတယ်။ Red Bull အချိုရည်ကို လူသိများပေမဲ့ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့ ချာလီယိုကတော့ အနေအထိုင် အလွန်သိုသိပ်ပြီး လူရှေ့ သိပ်မထွက်တာကြောင့် လူသိနည်းပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ တရုတ်လူမျိုး ဖခင်နဲ့ ထိုင်းလူမျိုး မိခင်တို့က မွေးဖွားလာခဲ့တဲ့ ချာလီယိုဟာ အတန်းပညာရေး သိပ်မတက်ပါဘူး။ သူ့ဖခင်ရဲ့လုပ်ငန်းဖြစ်တဲ့ ဘဲမွေးမြူရေးအလုပ်ကို လုပ်ရင်း ကြီးပြင်းလာခဲ့တာပါ။ နောက်တော့ သူက ဘန်ကောက်ကို ပြောင်းရွှေ့လာခဲ့ပြီး ဆေးအရောင်းဝန်ထမ်း ဝင်လုပ်တယ်။

အဲဒီကနေ TC Pharmaceuticals ဆိုတဲ့ အသေးစား ဆေးလုပ်ငန်းတစ်ခုကို ကိုယ်ပိုင်ထူထောင်ခဲ့တယ်။ အဲဒီအချိန်က ထိုင်းနိုင်ငံရဲ့ အားဖြည့်အချိုရည်ဈေးကွက်မှာ Lipovitan D က လွှမ်းမိုးထားခဲ့ပြီး လစာကောင်းတဲ့ ဝန်ထမ်းတွေပဲ သောက်နိုင်တဲ့ အချိုရည် ဖြစ်နေတာကို သူ သတိထားမိတယ်။

သူက Lipovitan D ရဲ့ ဖော်စပ်ထုတ်လုပ်မှု ဖော်မြူလာကို လေ့လာပြီး ပိုဈေးသက်သာတဲ့ အားဖြည့်အချိုရည်အဖြစ် ထုတ်လုပ်တယ်။ ဈေးလည်း ပိုပေါတယ်၊ ပိုလည်း ချိုတယ်၊ ဂတ်စ်လည်း မပါတဲ့ အချိုရည်ကို အညိုရောင်ဖန်ပုလင်းတွေထဲ ထည့်ပြီး ဂတ်စ်ဆိုင်တွေမှာ လိုက်ရောင်းတယ်။

သူ့ရဲ့ပစ်မှတ်ကတော့ ကုန်ကားသမားတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေ၊ ရော်ဘာစေး ခြစ်သူတွေ အစရှိသဖြင့် အခြားအမှတ်တံဆိပ်တွေ မေ့လျော့ထားကြတဲ့ လူတန်းစားတွေကို ဦးတည်ရောင်းချဖို့ပါပဲ။ သူက သတင်းစာတွေ၊ ရုပ်သံတွေမှာ ကြော်ငြာ မထည့်ဘူး၊ ထိုင်းနိုင်ငံမှ အလုပ်သမားလူတန်းစားတွေရဲ့ အားကစားလို့ ဆိုရမယ့် မွေထိုင်းပွဲတွေကို သူက စပွန်ဆာပေးပြီး ကြော်ငြာတယ်။ စိုင်နီနှစ်ကောင် ရင်ဆိုင်ဝှေ့နေတဲ့ပုံရိပ်က ကြိုးဝိုင်းထောင့် တစ်ဖက်တစ်ချပ်စီမှာ အထင်းသားပါပဲ။

၂ နှစ်အကြာမှာပဲ Red Bull အချိုရည်က ထိုင်းနိုင်ငံမှာ ရောင်းအားအကောင်းဆုံး အချိုရည်ဖြစ်လာခဲ့တယ်။ ၁၉၈၂ ခုနှစ်မှာတော့ သြစတြီးယား သွားတိုက်ဆေးအရောင်းသမား မာတီရှစ်ဇ် ဘန်ကောက်ဟိုတယ်မှာ Red Bull အချိုရည်ကို သောက်ကြည့်ရင်း ချာလီယို မမြင်တဲ့အရာတစ်ခုကို တွေ့ရှိသွားတယ်။ ဒီအချိုရည်ဘူးကို အနောက်နိုင်ငံဈေးကွက်မှာ လက်ရှိဈေးထက် ၁၀ ဆ ပိုတင်ပြီး ရောင်းချလို့ရတယ်ဆိုတာပါပဲ။

သူတို့က ဒေါ်လာ ၅ သိန်းစီ ထည့်ဝင်ပြီး အနောက်နိုင်ငံဈေးကွက်ကို ထိုးဖောက်ဖို့ ကြိုးစားကြတယ်။ မာတီရှစ်ဇ်က Red Bull ကို ကာဗွန်နိတ် ထည့်တယ်၊ ဘူးဒီဇိုင်း ပြောင်းလဲတယ်။ ၁၉၈၇ ခုနှစ်မှာပဲ သြစတြီးယားမှာ စတင်ဖြန့်ချိခဲ့တယ်။ အဲဒီကတစ်ဆင့် ဖော်မြူလာဝမ်း ကားမောင်းအသင်းတွေ၊ ဘောလုံးအသင်းတွေအထိ Red Bull အမှတ်တံဆိပ်က ပျံ့နှံ့ခဲ့ပါတယ်။

ချာလီယိုကတော့ ဘန်ကောက်မှာပဲ နေထိုင်ခဲ့ပြီး ကုန်ပစ္စည်းမိတ်ဆက်ပွဲ၊ ကြော်ငြာရိုက်ကူးရေး၊ စာနယ်ဇင်းရှင်းလင်းပွဲတွေကိုလည်း လုံးလုံးလျားလျား ရှောင်ရှားခဲ့ပါတယ်။ သူက အားလပ်ချိန်ဆို ဘဲကျောင်းရင်းပဲ ဖြတ်သန်းလေ့ရှိပါသတဲ့။ ၂၀၁၂ ခုနှစ်မှာ ချာလီယို ကွယ်လွန်ခဲ့ပြီး အဲဒီအချိန်က သူ့မိသားစုအတွက် ပိုင်ဆိုင်မှု ဒေါ်လာ ၅ ဘီလျံ ချန်ရစ်ထားခဲ့ပါတယ်။ ဒီနေ့အချိန်မှာတော့ သူ့မိသားစုရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၄၄.၅ ဘီလျံအထိ ရှိနေပါပြီ။

Ref: Chaleo Yoovidhya

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top