ပြည့်တန်ဆာပေါင်းများစွာကို ဘဝသစ် ဖန်တီးပေးခဲ့ပေမဲ့ ပုတ်ခတ်စော်ကားမှုတွေနဲ့ ဝမ်းနည်းစရာ အဆုံးသတ်သွားခဲ့ရသူ

st-vitalis.jpg

ညတိုင်း ပြည့်တန်ဆာခန်း သွားနေတဲ့ သူ့ကို လူတွေက ” ကြောင်သူတော် ” လို့ မေးငေါ့ကဲ့ရဲ့ကြပြီး သူ့ကို မြင်တာနဲ့ တံထွေး ထွေးကြတယ်။ ရှုတ်ချကြတယ်။ ဒါပေမဲ့ တကယ့်အကြောင်းအရင်းမှန်ကို သိချိန်မှာတော့ မေးငေါ့ကဲ့ရဲ့ကြသူတွေ နောက်ကျသွားခဲ့ပါပြီ ။ စိန့်ဗီတာလစ် ကွယ်လွန်သွားမှ အကြောင်းအရင်းမှန် ထွက်ပေါ်လာခဲ့လို့ပါပဲ။

ကန္တာရထဲမှာ ဖာသာတစ်ပါးအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ဗီတာလစ်ဟာ အေဒီ ၆၀၀ ပြည့်နှစ် အစောပိုင်းကာလမှာတော့ ဂါဇာကို ရောက်လာခဲ့ပါတယ်။ အသက် ၆၀ အရွယ်ဆိုရင် လူအများစုက အနားယူဖို့ ပြင်ဆင်ကြပြီဖြစ်ပေမဲ့ ဗီတာလစ်ကတော့ ပင်ပင်ပန်းပန်း အလုပ်လုပ်တယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ နေ့စားအလုပ်သမားအဖြစ် အလုပ်လုပ်ပြီး ညဘက်ကျရင်တော့ သူက ပြည့်တန်ဆာခန်း သွားလေ့ရှိတယ်။

အဲဒီအချိန်တုန်းက ဂါဇာဟာ ဘာသာရေးကိုင်းရှိုင်းသူတွေ စုဝေးနေထိုင်ရာ ဒေသတစ်ခုဖြစ်ပြီး ခရစ်ယာန်၊ ဂျူးနဲ့ အခြားဘာသာဝင်တွေ အားလုံး တူညီစွာ လက်ခံထားတဲ့အချက်ကတော့ ” ပြည့်တန်ဆာအလုပ်ဆိုတာ ရှက်စရာကောင်းတယ်၊ စာရိတ္တပျက်ပြားမှုဖြစ်တယ်၊ အပြစ်ရှိတယ် ” ဆိုတာပါပဲ။ ကန္တာရထဲမှာ နှစ်ပေါင်းများစွာ ဖာသာ လုပ်ခဲ့တယ်ဆိုတဲ့ ဒီအဘိုးကြီးက ညစဉ်ညတိုင်း ပြည့်တန်ဆာခန်း သွားနေတဲ့ သတင်းဟာ အချိန်တိုအတွင်း ပျံ့နှံ့သွားတယ်။

အရင်တုန်းက သူ့ကို ကြည်ညိုခဲ့သူတွေလည်း သူ့ကို စက်ဆုပ်သွားကြတယ်။ တချို့တွေက သူ့ကို မြင်တာနဲ့ ရွံရှာတယ်ဆိုတဲ့ သဘောနဲ့ တံထွေးထွေးကြတယ်။ ဘာသာရေးခေါင်းဆောင်တွေက သူ့ကို ရှုတ်ချတယ်။ ဗီတာလစ်ကတော့ အဲဒီအပေါ် ဘာမှ မတုံ့ပြန်ခဲ့ဘူး၊ ဖြေရှင်းချက်လည်း မထုတ်ခဲ့ဘူး။ အပြစ်ရှိတယ်ထင်ရင်လည်း ထင်ကြပါဆိုတဲ့ ပုံစံမျိုးနဲ့သာ နေထိုင်ခဲ့တယ်။

ဗီတာလစ်က ညတိုင်း ပြည့်တန်ဆာခန်းသွားပေမဲ့ သူက အမျိုးသမီးတွေကို ထိတောင် မထိပါဘူး။ အခြားသူတွေ ပျော်ပါးတဲ့အတိုင်း အခကြေးငွေပေးပြီး အမျိုးသမီးတွေရဲ့ဘဝကို ကယ်တင်ပေးဖို့ ကြိုးစားတာပါ။ ” မင်း ဒီအလုပ်လုပ်စရာ မလိုဘူး၊ မင်းရဲ့ဖြစ်တည်မှု မဟုတ်ဘူး၊ မင်းရဲ့ လုပ်နိုင်စွမ်းကလည်း ဒါအကုန် မဟုတ်ဘူး ” ဆိုတဲ့ စကားလုံးတွေနဲ့ ဗီတာလစ်က ဖြောင်းဖြတာပါ။ တချို့ကလည်း သူ့ကို လှောင်ပြောင်ရယ်မောပြီး နှင်လွှတ်ကြတယ်။ ဒါပေမဲ့ တချို့ကတော့ သူ့စကားတွေကို နားထောင်ကြည့်ပြီး ကိုယ်တိုင် ရုန်းထွက်နိုင်ဖို့ ကြိုးစားလာကြတယ်။

အဲဒီလို ရုန်းထွက်ချင်သူတွေကို ဗီတာလစ်က အလုပ်ရှာပေးတယ်။ အလုပ်ပေးချင်တဲ့ အလုပ်ရှင်တွေ၊ အိမ်ရှင်တွေနဲ့ ဆက်သွယ်ပေးတယ်။ ဒီအမျိုးသမီးတွေက စက်ချုပ်တာ၊ မုန့်ဖုတ်တာ၊ အိမ်အကူ အစရှိတဲ့ အလုပ်တွေ ဝင်လုပ်ကြတယ်။ ပြီးတော့ ဗီတာလစ်က သူ စုဆောင်းထားတဲ့ ငွေကိုလည်း အမျိုးသမီးတွေရဲ့ တင်တောင်းစရိတ် (မိန်းကလေးက ယောကျာ်းလေးကို တင်တောင်းရတဲ့ ဓလေ့ရှိ)အဖြစ် ပေးတယ်။

သူဟာ ညစဉ်ညတိုင်း ပြည့်တန်ဆာတစ်ယောက်ပြီး တစ်ယောက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲဒီအကြောင်းကို လုံးဝထုတ်မပြောရဘူးလို့ ကတိတောင်းခဲ့တာကြောင့် ဗီတာလစ်အပေါ် မဟုတ်မမှန် စွပ်စွဲမှုတွေကို အမျိုးသမီးတွေက ဘာမှ တုံ့ပြန်ပေးနိုင်ခြင်း မရှိခဲ့ဘူး။

” သူတို့ဘာသာ ထင်ချင်သလို ထင်ကြပါစေ။ မင်းတို့ ဘဝသစ် ပြန်စခွင့်ရဖို့ အရေးကြီးတယ်။ မင်းတို့ရဲ့ နောက်ကြောင်းရာဇဝင်ကို အသိခံလို့ မဖြစ်ဘူး။ ဘဝသစ် တည်ဆောက်ပါ၊ လွတ်လပ်စွာ နေထိုင်ပါ ” လို့ ဗီတာလစ်က မှာထားတာပါ။ တကယ်လို့ သူက ပြည့်တန်ဆာတွေကို အခြားအလုပ်ရအောင် ကူညီပေးနေမှန်း လူတွေ သိသွားရင် အဲဒီအမျိုးသမီးတွေကို မှတ်သားထားပြီး အရှက်ခွဲကြမှာ စိုးရိမ်တဲ့အတွက် ဗီတာလစ်က အဲဒီလို ဆုံးဖြတ်ခဲ့တာပါ။ ဘဝသစ်မှာ အနှောင့်အယှက်မရှိစေချင်လို့ သူ့အပေါ် စွပ်စွဲ ပုတ်ခတ်မှုတွေကို ခါးစည်းခံခဲ့တာပါ။

တစ်ညမှာတော့ ဗီတာလစ်ဟာ လူတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရတယ်။ သူ့ကို တိုက်ခိုက်ခဲ့သူက ပြည့်တန်ဆာခန်း ပိုင်ရှင်လို့ ပြောကြသလို မနာလိုသူတစ်ယောက်လို့လည်း ပြောကြတယ်။ တိတိကျကျတော့ အဖြေမပေါ်ခဲ့ဘူး။ ဘယ်သူ့လက်ချက်ပဲဖြစ်ဖြစ် ဗီတာလစ်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး သူ့ရဲ့အခန်းကျဉ်းလေးထဲမှာပဲ လဲလျောင်းနေခဲ့ရတယ်။ ဆရာဝန်ပြဖို့ ပိုက်ဆံမရှိသလို ပြုစုစောင့်ရှောက်ပေးမယ့် မိသားစုလည်း သူ့မှာ မရှိဘူး။

သူဟာ ကူကယ်ရာမဲ့ အခြေအနေမျိုးနဲ့ သေဆုံးသွားခဲ့ရတယ်။ လူတွေကတော့ ” ကြောင်သူတော်ကြီး မချီမဆန့် ဝေဒနာ ခံစားပြီး သေသွားပြီ။ အရေခြုံတစ်ယောက်တော့ လျော့သွားပြီ ” လို့ ပုတ်ခတ်ကြတယ်။ ဗီတာလစ်ရဲ့ ဈာပနက လာမယ့်သူမရှိဘဲ ခြောက်ကပ် တိတ်ဆိတ်စွာ ပြီးသွားလိမ့်မယ်လို့ လူတွေက ထင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ ထင်မှတ်မထားတဲ့ အခြေအနေကြောင့် လူတွေ အံ့အားသင့်ကုန်တယ်။

အမျိုးသမီးတွေ တဖွဲဖွဲ ရောက်လာခဲ့တာပါ။ အိမ်ထောင်ရှင်မတွေ၊ ဈေးဆိုင်ပိုင်ရှင်တွေ၊ လူကုံထံအိမ်တွေမှာ အစေခံလုပ်နေသူတွေ အစရှိသဖြင့် အလွှာပေါင်းစုံပါဝင်ပါတယ်။ သူတို့က ဗီတာလစ်ရဲ့ဈာပနကို ရောက်လာခဲ့ပြီး ” သူတို့ရဲ့ဘဝကို ဗီတာလစ်က ကယ်တင်ပေးခဲ့တဲ့အကြောင်း ” ထုတ်ပြောကြတယ်။ သူတို့အတွက် ဗီတာလစ်က တင်တောင်းစရိတ် ပေးခဲ့တဲ့အကြောင်း ထုတ်ပြောကြတယ်။ ဗီတာလစ်က ပြည့်တန်ဆာခန်းကို ညတိုင်း လာပေမဲ့ သူတို့ကို ထိတောင် မထိခဲ့ဘဲ အကူအညီပေးမယ့် စကားပဲ ပြောခဲ့တဲ့အကြောင်း ထုတ်ပြောကြတယ်။

ဒီအဖြစ်မှန်ကို အကုန်အစင် သိသွားချိန်မှာတော့ လူတွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ တကယ့်သူတော်စင်ကြီးကိုမှ သူတို့ ပြစ်မှား စော်ကားမိလေပြီ၊ သူတို့အမှားကို ပြင်ဆင်ဖို့၊ ဝန်ချ တောင်းပန်ခွင့်လည်း မရှိတော့ပါဘူး။ ကြောင်သူတော်ဆိုပြီး သူတို့ ပုတ်ခတ်ခဲ့သူက သူတို့ စိတ်ကူးထဲမှာတောင် မရှိနိုင်တဲ့ ချစ်ခြင်းမေတ္တာမျိုး ပေးနေသူ၊ လျစ်လျူရှု ခံထားရတဲ့ ဘဝတွေကို ကယ်တင်ပေးနေသူပါ။

အခု ဒီအကြောင်းတွေ အကုန်သိချိန်မှာတော့ ဝမ်းနည်း စိတ်မကောင်းခြင်းကြီးစွာ ငိုကြွေးကြရုံမှတပါး မရှိတော့လေပြီ။ သူ ကယ်တင်ပေးခဲ့တဲ့ အမျိုးသမီးတွေက ဗီတာလစ်ရဲ့အခေါင်းကို ထမ်းပြီး ဂါဇာမြို့လမ်းတွေပေါ် လှည့်လည်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ဘုရားကျောင်းက သူ့ကို ဂါဇာရဲ့သူတော်စင်ဗီတာလစ်အဖြစ် သတ်မှတ်ခဲ့တယ်။

သင်တို့ရဲ့ လက်တွေ့ဘဝမှာရော ဗီတာလစ်လို လူတွေ ဘယ်လောက်များ ကြုံခဲ့ဖူးသလဲ။ မေတ္တာတရားကြောင့် လှပတဲ့အရာတွေကို တိတ်တဆိတ် လုပ်ဆောင်ပေးနေပေမဲ့ ပတ်ဝန်းကျင်ရဲ့ အပုတ်ချ စွပ်စွဲမှုတွေ ကြုံနေရသူတွေ ဘယ်လောက် များများ ရှိနေသလဲ။ အကြောင်းရင်း အစစ်အမှန်ကို မသိဘဲ လူတစ်ဖက်သားကို အပေါ်ယံ အကဲဖြတ်လို့ အချိန်လွန် နောင်တရသူတွေရော ဘယ်လောက်များများ ရှိနေနိုင်မလဲ။

Ref: Saint Vitalis of Gaza

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top