ဆန်တာကလော့လိုဝတ်ဆင်ပြီး ချိုချဉ်ဝေပေးခဲ့တဲ့အမျိုးသားကို ဓာတ်ကြိုးတွေနဲ့ ငြိနေလို့ ကယ်တင်ခဲ့ရ

photo1.jpg

နိုင်ငံရပ်ခြားမှာတော့ ခရစ်စမတ်နေ့မတိုင်ခင် ခရစ်စမတ်ဘိုးဘိုးလို ဝတ်ဆင်ပြီး လူတွေကို လက်ဆောင်တွေလိုက်ပေးနေကြပါပြီ။ ကယ်လီဖိုးနီးယားမြောက်ပိုင်းက အမျိုးသားတစ်ဦးကတော့ ခရစ်စမတ်ဘိုးဘိုးလို ဝတ်စားဆင်ယင်ထားရုံသာမက လေပေါ်ကနေတောင် လေထီးပါတဲ့ လေယာဉ်ငယ်လေးနဲ့ ပျံသန်းပြီး ကလေးတွေကို ချိုချဉ်တွေ လိုက်ပေးခဲ့တာပါ။ ဒါပေမဲ့ အဲဒီအမျိုးသားက လေပေါ်ကနေပျံသန်းခဲ့တဲ့အတွက် ဓာတ်အားလိုင်းကြိုးတွေနဲ့ ငြိနေခဲ့တဲ့အတွက်ကြောင့် ကယ်ဆယ်ရေးအဖွဲ့က သူ့ကို တနင်္ဂနွေနေ့က ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။

သူဟာ ကလေးတွေကို ချိုချဉ်ဝေပေးဖို့အတွက် ရီယို လင်ဒါကျောင်းအနီးနားမှာ လေထီးဆင်းသက်ခဲ့တဲ့အချိန် ဒီမတော်တဆဖြစ်ရပ် ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ ဓာတ်အားလိုင်းကြိုးတွေထဲ ပျံသန်းမိပြီး ငြိနေခဲ့တာဖြစ်တယ်လို့ Federal Aviation Administration ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ အဲဒီအမျိုးသားက ဘယ်သူဆိုတာကိုတော့ ထုတ်ပြောပြထားခြင်းမရှိပေမဲ့ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့တော့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေကယ်ဆယ်ရေးလုပ်နေတဲ့အချိန်မှာ အိမ်နီးနားချင်းတွေလည်း ဝိုင်းအုံပြီး ကြည့်နေခဲ့ကြပါတယ်။ အဲဒီအမျိုးသား ဓာတ်အားလိုင်းကြိုးတွေနဲ့ငြိနေတာကို ဗီဒီယိုမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ မတော်တဆဖြစ်ခဲ့တဲ့နေရာအနီးနားမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကတော့ အဲဒီအမျိုးသားလေယာဉ်မှူးက မကြာခဏ ကောင်းကင်မှာ ပျံသန်းနေတတ်တယ်လို့ ပြောပါတယ်။ ခရစ်စမတ်ဝတ်စုံနဲ့မြင်တာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်နေချိန်အတွင်း ရီယိုလင်ဒါနေရာတစ်ဝိုက်မှာ ဓာတ်အားလိုင်းဖြတ်တောက်ခဲ့ရတယ်လို့ Sacramento Metropolitan Fire District ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကောင်းတဲ့အရာကို လုပ်ခဲ့ပေမဲ့ အခုလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းစရာပါပဲ။ ဒါပေမဲ့ ကမ္ဘာကြီးပေါ်မှာ ကောင်းတဲ့အရာတွေလုပ်နေတဲ့သူတွေရှိနေတယ်ဆိုတာ အမှတ်ရဖို့လိုတယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသားကို ကယ်တင်ဖို့အတွက် အချိန်အကြာကြီးမယူခဲ့ရဘဲ ဘေးကင်းစွာနဲ့ သူ့ကို မြေပြင်ပေါ်ရောက်အောင် လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

Video ကြည့်ရှုရန်

Ref: ABCNews “Man dressed as Santa rescued from power lines in California”
Website: yoyarlay.com

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top