မေရီလန်းတိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ရဲ့ဆေးရုံတစ်ခုမှာ ချစ်ခင်ရင်းနှီးကာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ ခွေးလေးနဲ့ ကြောင်လေးဟာ အတူတကွ မွေးစားခံခဲ့ရပါတယ်။ သူတို့နှစ်ကောင်စလုံးဟာ ခြေထောက် ၃ ချောင်းပဲရှိပါတယ်။
၁ နှစ်သား ခွေးမလေး Blueberry က ပြင်သစ်ခွေးဘီလူးအမျိုးအစားပါ။ ကြောင်မလေးကတော့ ၇ လသားအရွယ်အနက်ရောင်ကြောင်လေးပါ။ သူတို့နှစ်ကောင်လုံးက ဒဏ်ရာရပြီး ခြေထောက်ဖြတ်ခံရပြီးနောက် ပြီးခဲ့တဲ့ဆောင်းရာသီမှာ Last Chance Animal Rescue ကို ရောက်ရှိလာခဲ့ကြတာပါ။ Blueberry ကို ရှေ့ခြေထောက်တစ်ဖက်မှာ ပေါက်ပြဲဒဏ်ရာတွေနဲ့ လမ်းဘေးမှာတွေ့ခဲ့တာဖြစ်ပြီး Meadow က ခြေထောက်တစ်ဖက်မပါဘဲ ရောက်ရှိလာခဲ့တာပါ။

သူတို့နှစ်ကောင်က တိရစ္ဆာန်ဆေးရုံမှာ တွေ့ဆုံခဲ့ကြပြီး ချစ်ခင်ရင်းနှီးကာ နှစ်ကောင်စလုံးကို ခွဲထားလို့မရဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းကျတော့ သူတို့နှစ်ကောင်ကို မွေးစားမယ့်စုံတွဲပေါ်လာခဲ့ပါတယ်။ ရေချယ်ကလက်ခ်နဲ့ သူ့ရဲ့ပါတနာ ကယ်ဗင် ဆန်တို့က ဖေ့စ်ဘွတ်ပို့စ်မှာ သူတို့နှစ်ကောင်ကို တွေ့ပြီး မတ်လ ၂၈ ရက်နေ့က မွေးစားဖို့ အိမ်ခေါ်သွားခဲ့ပါတယ်။
ရေချယ်နဲ့ ကယ်ဗင်တို့က ခြေထောက် ၃ ချောင်းနဲ့တိရစ္ဆာန်တွေကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ အတွေ့အကြုံရှိတဲ့အတွက် Blueberry နဲ့ Meadow တို့အတွက် သင့်လျော်ပါတယ်။ ၂၀၂၃ ခုနှစ်က သူတို့စုံတွဲက ရှေ့ခြေထောက်တစ်ဖက်မရှိတဲ့ CiCi ဆိုတဲ့ ကြောင်လေးတစ်ကောင်ကို မွေးစားခဲ့ဖူးပါတယ်။

အခုဆို Blueberry နဲ့ Meadow တို့ဟာ အိမ်အသစ်မှာ အခြေချနေပါပြီ။ ရေချယ်နဲ့ ကယ်ဗင်တို့က သူတို့ရဲ့အခြားအိမ်မွေးတိရစ္ဆာန်တွေနဲ့ တဖြည်းဖြည်းမိတ်ဆက်ပေးနေပါတယ်။
Ref: Dog and Kitten, Both with 3 Legs, Become Best Friends During Hospital Stay, and Now They’re Going Home Together
WL (ရိုးရာလေး)

