သားမက်ဖြစ်သူက ယောက္ခမဖြစ်သူကို သေလောက်အောင်ရိုက်နှက်ပြီး အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ကာမြစ်ထဲစွန့်ပစ်ခဲ့တဲ့ဖြစ်ရပ်

kill1.jpg

တောင်ကိုရီးယားအမျိုးသားတစ်ဦးနဲ့ သူ့ဇနီးဖြစ်သူတို့ဟာ ဧပြီလ ၁ ရက်နေ့မှာ လူသတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ ဖြစ်စဉ်ကတော့ သားမက်ဖြစ်သူက ယောက္ခမဖြစ်သူကို သေအောင် ရိုက်နှက်ပြီး အလောင်းကို မြစ်ထဲ စွန့်ပစ်ခဲ့တာပါ။

လူသတ်မှုက မတ်လ ၁၈ ရက်နေ့မှာဖြစ်ပွားခဲ့တာပါ။ အသက် ၂၀ အရွယ် မျိုးရိုးနာမည် Cho ဆိုတဲ့ အမျိုးသားဟာ အသက် ၅၀ အရွယ် ယောက္ခမဖြစ်သူကို သူတို့နဲ့အတူ လာနေထိုင်ကတည်းက ရိုက်နှက်နေခဲ့တာပါ။

Cho က ဇနီးဖြစ်သူကိုလည်း ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ လက်ထပ်ပြီးတဲ့နောက် ရိုက်နှက်ခဲ့ပါတယ်။ အမေဖြစ်သူက သူ့သမီးကို သားမက်ဖြစ်သူ နောက်ထပ်ရိုက်နှက်မှာဆိုးလို့ သူတို့နဲ့အတူ လာရောက်နေထိုင်ခဲ့တာပါ။ Jung ခရိုင်က တိုက်ခန်းမှာ ပြောင်းရွှေ့နေထိုင်ပြီးနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ယောက္ခမဖြစ်သူကို စပြီးရိုက်နှက်ခဲ့ပါတယ်။ သမီးဖြစ်သူက အမေဖြစ်သူရိုက်နှက်ခံရမှာဆိုးလို့ အိမ်ကနေထွက်သွားဖို့ ထပ်ခါထပ်ခါတောင်းဆိုခဲ့ပေမဲ့ ဆက်ပြီးနေနေခဲ့ပါတယ်။

Cho က ယောက္ခမဖြစ်သူကို မတ်လ ၁၈ ရက်နေ့မှာ သေဆုံးသွားတဲ့အထိ ဆက်လက်ရိုက်နှက်နေခဲ့ပါတယ်။ သေဆုံးသွားပြီးနောက် ယောက္ခမဖြစ်သူရဲ့အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီး Sincheon Stream မြစ်မှာ ဇနီးဖြစ်သူနဲ့ စွန့်ပစ်ခဲ့ပါတယ်။ ဇနီးဖြစ်သူကို ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲမတိုင်ဖို့၊ အခြားဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဇနီးဖြစ်သူကလည်း ယောကျ်ားဖြစ်သူကို ကြောက်တဲ့အတွက် ဒီကိစ္စကို ဖုံးကွယ်ထားခဲ့ပါတယ်။

ယောက္ခမဖြစ်သူရဲ့ရုပ်အလောင်းကို မတ်လ ၃၁ ရက်နေ့မှာ တွေ့ရှိခဲ့ပြီးနောက် သူတို့ဇနီးမောင်နှံ အဖမ်းခံခဲ့ရပါတယ်။ ရင်ခွဲစစ်ဆေးမှုအရ ပြင်ပအင်အားကြောင့် ပြင်းထန်တဲ့ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ယောက္ခထီးကတော့ အခြားနေရာမှာနေထိုင်နေတဲ့ဖြစ်တဲ့အတွက် ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မသိရှိခဲ့ရဘူးလို့ သတင်းမီဒီယာမှာဖော်ပြထားပါတယ်။

နောက်ပိုင်းကျမှ ရုပ်အလောင်းကို မြစ်ထဲ စွန့်ပစ်ခဲ့တယ်ဆိုတာကို Cho နဲ့ သူ့ဇနီးဖြစ်သူတို့က ဝန်ခံခဲ့ပါတယ်။ ယောက္ခမဖြစ်သူက ပန်းကန်ဆေးတဲ့အချိန်၊ သန့်ရှင်းရေးလုပ်တဲ့အချိန်တွေမှာ ဆူဆူညံညံတွေလုပ်လို့ သတ်ပစ်ခဲ့တာဖြစ်တယ်လို့ Cho က ထွက်ဆိုခဲ့ပါတယ်။

Ref: South Korea man, in his 20s, allegedly beat mum-in-law to death, dumped body inside suitcase into river

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top