အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်ကြီးဆုံးဂေါ်ရီလာမျောက်ဝံ

69.jpg

ဖာတို အမည်ရတဲ့ ကမ္ဘာ့အသက်ကြီးဆုံးဂေါ်ရီလာမျောက်ဝံက အသက် ၆၉ နှစ်ရှိပါပြီ။ ဧပြီ ၁၃ ရက်နေ့က သူ့ရဲ့အသက် ၆၉ နှစ်ပြည့်မွေးနေ့ကို ဘာလင်တိရစ္ဆာန်ရုံမှာ ဟင်းသီးဟင်းရွက်စားပွဲတော်နဲ့ ဆင်နွှဲခဲ့ပါတယ်။

ဖာတိုကို အာဖရိကရဲ့ ဘယ်နေရာကနေခေါ်လာတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ ဒါပေမဲ့ ဘာလင်တိရစ္ဆာန်ရုံက မဝယ်ယူခင် သင်္ဘောသားတစ်ဦးဟာ ဘားတစ်ခုမှာ အရက်ဘီယာဖိုးအတွက် ဂေါ်ရီလာပေါက်လေးနဲ့ ငွေပေးချေကာ ဥရောပအနှံ့ပို့ဆောင်ခံခဲ့ရတယ်ဆိုတဲ့ ဇာတ်လမ်းတော့ရှိပါတယ်။

ဒီအကြောင်းကို တိရစ္ဆာန်ရုံက အတည်မပြုနိုင်ပေမဲ့ ၁၉၅၉ ခုနှစ်၊ ၂ နှစ်သားအရွယ်မှာ ရောက်လာခဲ့တာဖြစ်ပါတယ်။ ဖာတို့ဟာ ဘယ်အချိန်မှာ မွေးခဲ့လဲဆိုတာလည်း တိရစ္ဆာန်ရုံက မသိပေမဲ့ ဧပြီ ၁၃ ရက်နေ့ကို သူ့ရဲ့မွေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကလည်း သူ့ကို ကမ္ဘာ့အသက်ကြီးဆုံးဂေါ်ရီလာမျောက်ဝံအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဖာတိုက အသက်ကြီးလာတာကြောင့် အရင်လို လှုပ်လှုပ်ရှားရှားမနေနိုင်တော့ဘဲ သက်ကြီးပိုင်းနဲ့ဆက်စပ်တဲ့ရောဂါတွေလည်း ခံစားနေရပါတယ်။ အမြင်အာရုံအားနည်းလာတယ်၊ အဆစ်အမြစ်ရောင်ရမ်းတယ်၊ သွေးအတွင်းသကြားဓာတ်ကို ဂရုစိုက်ရပါတယ်။ တစ်နေ့တာအစားအစာအနေနဲ့ သူ့ရဲ့အကြိုက်ဆုံးအစားအစာဖြစ်တဲ့ ရက်စ်ဘယ်ရီသီးနဲ့ ဘလူးဘယ်ရီသီးတွေကို စားသုံးလေ့ရှိပါတယ်။ သူ့ရဲ့သွားတွေကလည်း ကျွတ်ထွက်နေတာကြောင့် တိရစ္ဆာန်စောင့်ရှောက်ရေးသမားတွေက သူ စားလို့လွယ်ကူအောင် ချက်ပြုတ်ပေးရတယ်လို့ သိရပါတယ်။

Ref: World’s Oldest Gorilla, Known for Her Dignified Manner, Celebrates 69

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top