ဂီတစတိုးမှာ ခွင့်တောင်းပြီး ဂစ်တာယူတီးတတ်တဲ့ ကောင်လေးအတွက် မမေ့နိုင်စရာဖြစ်ရပ်

16-2-2022-yyl12.jpg

ဂီတစတိုးကို လာတိုင်း သူ အရမ်းကြိုက်တဲ့ ဂစ်တာလေးကို ခွင့်တောင်းပြီး ယူတီးတတ်တဲ့ ကောင်လေးဟာ စိတ်ကောင်းရှိသူတစ်ယောက်ကြောင့် ဘဝမှာ မေ့မရနိုင်တဲ့ အခိုက်အတန့်တစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်တဲ့ ဖယ်လွန်ဟာ မှတ်ဉာဏ်ဖွံ့ဖြိုးမှုအားနည်းတဲ့ Williams Syndrome ခံစားနေရသူပါ။ သူက J.B. Hart ဂီတစတိုးဆိုင်ကို ရောက်တိုင်း Pantera ဂစ်တာကို ခွင့်တောင်းပြီး ယူတီးတတ်ပါတယ်။ Pantera ဟဲဗီးမက်တယ်တေးဂီတအဖွဲ့ရဲ့ ဂစ်တာသမားကို အစွဲပြုပြီး အဲဒီဂစ်တာကို Pantera လို့ အမည်တွင်နေတာပါ။

” ဖယ်လွန်က ဂီတကို ချစ်ပြီး ဂီတအကြောင်း ကောင်းကောင်းသိတယ်။ သူ့အိပ်မက်က Pantera ဂစ်တာကို ပိုင်ဆိုင်ခွင့်ရဖို့ပါပဲ” လို့ J.B. Hart ဂီတစတိုးဆိုင်က သူတို့ရဲ့ ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။လွန်ခဲ့တဲ့ ၈ လလောက်က ဆိုင်ထဲမှာ ဖယ်လွန် ဂစ်တာတီးနေတုန်း လူတစ်ယောက်က သူ့ကို သတိထားမိသွားတယ်။ အဲဒီသူက ဖယ်လွန်ကိုကြည့်ပြီး စိတ်ထဲမှာ အရမ်းခံစားသွားခဲ့ရပုံပဲ။ ဒါကြောင့် သူက ဆိုင်ကို ပြန်လာပြီး ဒေါ်လာ ၈၀၀ တန် Pantera ဂစ်တာကို ဝယ်တယ်။ နောက်တစ်ခါ ဆိုင်ကို ဖယ်လွန် ထပ်ရောက်လာရင် သူ့အတွက် လက်ဆောင်ပေးပေးပါလို့ J.B. Hart ဂီတစတိုးဆိုင်ကို မှာခဲ့တာပါ။ ဒါပေမဲ့ ဖယ်လွန်က ၈ လကြာတဲ့အထိ ထပ်ရောက်မလာခဲ့ဘူး။

ဘာကြောင့်လဲဆိုတော့ သူ့မိသားစုက တက္ကဆက်ပြည်နယ်ကို ပြောင်းရွှေ့သွားကြလို့ပါပဲ။ ဒါပေမဲ့ သူတို့တွေ ကော်လိုရာဒိုပြည်နယ်ကို ပြန်ရောက်လာတာနဲ့ ဖယ်လွန်က ဂီတစတိုးဆိုင်ကို တန်းလာတယ်။ ဆိုင်ကို ရောက်တော့ သူ အရမ်းအံ့သြသွားတယ်။ သူ့အလွန်ကြိုက်တဲ့ ဂစ်တာလေးကို သူ လက်ဆောင် ရလိုက်ပြီလေ။ ” သူ့အမေကလည်း ငိုနေတယ်။ ဖယ်လွန်ကတော့ စိတ်လှုပ်ရှားနေတာ ပြောမနေနဲ့တော့။ တကယ့်ကို ထူးခြားတဲ့အခိုက်အတန့်ပါပဲ။ ကမ္ဘာပေါ်မှာ လူကောင်းတွေလည်း ရှိပါသေးတယ်”လို့ J.B. Hart ဂီတစတိုးရဲ့ ဖေ့ဘွတ်ခ်မှာ ရေးထားပါတယ်။

အဲဒီအခိုက်အတန့် ဗီဒီယိုလေးကို Pantera တေးဂီတအဖွဲ့သားတွေကလည်း တွေ့သွားတယ်။ Pantera တေးဂီတအဖွဲ့မှာ ဖယ်လွန် လေးစားအားကျတဲ့ ဂစ်တာသမား ဒါရယ်ကတော့ မရှိရှာတော့ပါဘူး။ သက်ရှိထင်ရှား ရှိနေသေးတဲ့ အဖွဲ့ဝင် ၂ ယောက် ( အန်ဆယ်မိုနဲ့ ရက်စ်ဘရောင်း)ကတော့ ဖယ်လွန်အတွက် အမှတ်တရ လက်ဆောင်တွေ ပို့ပေးလိမ့်မယ်လို့ တီးဝိုင်းမန်နေဂျာ ကင်ဒေးဗစ်က ဆက်သွယ်ခဲ့ပါတယ်။

Ref: Goodnews “Anonymous Shopper Buys Iconic Pantera Guitar For Young Rocker Who Always Came in the Shop to Play it”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top