လာအိုမှာ ရေလွှမ်းနေတဲ့ ဂူအတွင်း တပတ်နီးပါး ပိတ်မိနေသူ ၇ ဦးကို ကယ်တင်နိုင်ဖို့ အချိန်လု ကြိုးပမ်းနေရ

save.jpg

လာအိုနိုင်ငံအလယ်ပိုင်း၊ ဆိုင်စွန်ဘွန် (Xaisomboun) ပြည်နယ်ရှိ ရေလွှမ်းနေတဲ့ ဂူအတွင်း ပိတ်မိနေတဲ့ ရွာသား ၇ ယောက်ကို ကယ်တင်ဖို့ ကယ်ဆယ်ရေးသမားတွေက ကျဉ်းမြောင်းလွန်းတဲ့ ရေအောက်လိုဏ်ခေါင်းလမ်းများမှတစ်ဆင့် ခက်ခက်ခဲခဲ ဖြတ်သန်းရှာဖွေလျက် ရှိပါတယ်။

ရွာသားတွေဟာ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ရွှေရှာဖို့ အဲဒီဂူထဲ ဝင်ရောက်ခဲ့ရာမှာ ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းလာပြီး ရေကြီးလာလို့ ဂူဝ ပိတ်ဆို့သွားတာကြောင့် ပိတ်မိနေခဲ့တာပါ။

၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံမှ တောဝက်ဘောလုံးအသင်းဝင် ကလေးငယ်တွေကို ဂူထဲမှ ကယ်ထုတ်ရာမှာ ပါဝင်ခဲ့ဖူးတဲ့ ထိုင်းနိုင်ငံသား ရေငုပ်ကျွမ်းကျင်သူ ၂ ဦးနဲ့ ဖင်လန်နိုင်ငံသားတစ်ဦးတို့လည်း အခုကယ်ဆယ်ရေးလုပ်ငန်းမှာ ပူးပေါင်းပါဝင်လျက် ရှိပါတယ်။

ပိတ်မိနေတဲ့ ရွာသားတွေဟာ ဂူထဲမှာရှိတဲ့ အမြင့်ပိုင်း ကျောက်ဆောင်တစ်ခုမှာ ရှိမယ်လို့ ယူဆထားပြီး အဲဒီနေရာက လေဝင်လေထွက် ကောင်းမွန်လိမ့်မယ်လို့ လာအိုနိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြပါတယ်။ ကယ်ဆယ်ရေးသမားတွေက အဲဒီကျောက်ဆောင်ဆီကို ရောက်ရှိဖို့အတွက် ၁၁၁၅ ပေ ရှည်လျားတဲ့ လိုဏ်ခေါင်းတစ်ခုကို ဖြတ်သန်းသွားရမှာပါ။

လိုဏ်ခေါင်းရဲ့ အကျဉ်းမြောင်းဆုံးနေရာဟာ ၂၃ လက်မအကျယ်ပဲ ရှိတာကြောင့် လမ်းကြောင်းတစ်လျှောက်လုံးနီးပါး တွားသွားရလိမ့်မယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထိုင်းကယ်ဆယ်ရေးသမားတစ်ဦး တင်ထားတဲ့ ရုပ်သံမှတ်တမ်းအရ ရေအပြည့်နီးပါးဖြစ်နေပြီး မှောင်မည်းနေတဲ့ လိုဏ်ဂူအတွင်းမှာ ကယ်ဆယ်ရေးသမားတွေ သွားလာလှုပ်ရှားနေတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ကယ်ဆယ်ရေးသမားတွေ ဝင်ရောက်ရလွယ်ကူစေဖို့ လိုဏ်ခေါင်းထဲမှ ရေတွေကို စုပ်ထုတ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

Ref: Rescuers race to reach 7 villagers trapped for a week in flooded Laos cave

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top