တိုကျိုမြို့မှာ မြန်မာငွေကျပ် ၁၅၀၀ ကျော်နဲ့ ငှားပေးမယ့်အခန်း

26-11-2021yyl1.jpg

လူဦးရေထူထပ်တဲ့ ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့မှာ အခန်းငယ်တစ်ခန်းကို တစ်လ ဝ.၈၆ ဒေါ်လာ ( မြန်မာငွေ ၁၅၀၀ ကျော်)နဲ့ ငှားရမ်းပေးသွားမယ်လို့ ဆွီဒင်ပရိဘောဂပစ္စည်း ရောင်းချရေးကုမ္ပဏီ (Ikea)က ကြေညာခဲ့ပါတယ်။ ၁၀၇ စတုရန်းပေ ကျယ်ဝန်းတဲ့ အခန်းဟာ ရှင်ဂျူကူခရိုင်မှာ တည်ရှိပြီး အခန်းထဲမှာ ပရိဘောဂနဲ့ အသုံးအဆောင်ပစ္စည်းအားလုံး ထည့်သွင်းပေးပြီးသားပါ။ ဒါပေမဲ့ အခန်းအများကြီး ငှားမှာမဟုတ်ပါဘူး။ ဒီတစ်ခန်းပဲ ငှားပေးမှာပါ။

ဒီအခန်းကို ငှားလိုသူတွေဟာ Ikea ကုမ္ပဏီထံမှာ လျှောက်လွှာတင်ရမှာပါ။ ဒီဇင်ဘာလ ၃ ရက်မတိုင်ခင် အသက် ၂၀ ပြည့်ပြီးသူတွေကိုပဲ ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်အထိ ငှားပေးမှာပါ။ အခန်းငှားသူက ရေဖိုး၊ မီးဖိုးကိုတော့ ကိုယ့်ဘာသာကိုယ် ပေးဆောင်ရပါမယ်။ ” အဓိကအချက်ကတော့ ဒေါင်လိုက်အကျယ်အဝန်းကို ကောင်းကောင်း အသုံးချဖို့ပါပဲ။ အခန်းကို ၃ ဘက်အမြင်( အလျား၊ အနံ၊ အမြင့်)နဲ့ ကြည့်လိုက်တော့ နေရာကျဉ်းကျဉ်းလေးထဲမှာ ဖြစ်နိုင်ခြေအသစ်တွေ ပေါ်လာတယ်” လို့ Ikea ကုမ္ပဏီက ပြောပါတယ်။

လူဦးရေ ၁၄ သန်းကျော် နေထိုင်တဲ့ တိုကျိုမြို့မှာ အခန်းကျဉ်းလေးတွေက လူကြိုက်များနေပါတယ်။ Ikea ကတော့ သူတို့ငှားမယ့်အခန်းကို ဘလာဟက်ဂျ်လို့ အမည်ပေးထားတဲ့ ငါးမန်းရုပ်လေးနဲ့ ကြော်ငြာထားပါတယ်။ Ikea ဟာ ဆွီဒင်၊ ဖင်လန်၊ နော်ဝေ နိုင်ငံတွေမှာ တန်ဖိုးနည်းအိမ်ငယ်တွေ ဆောက်ပေးနေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ Skanska နဲ့ အကျိုးတူပူးပေါင်းပြီး BoKlok ဆိုတဲ့ လုပ်ငန်းတစ်ခု ထူထောင်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ BoKlok က စိတ်ကျရောဂါခံစားနေရသူတွေ ကိုယ့်အိမ်မှာကိုယ် ဆက်နေနိုင်စေဖို့ နေအိမ်ပုံစံသစ်တွေ စတင်ဖန်တီးပေးခဲ့ဖူးပါတယ်။

Ref: CNN “Ikea is offering a tiny apartment in Tokyo for less than $1 per month “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top