သန့်ရှင်းရေးဝန်ထမ်းဘဝမှ ဘီလျံနာဖြစ်လာခဲ့တဲ့ WhatsApp တည်ထောင်သူ ဂျန်ကုမ်း

what.jpg

ယူကရိန်းနိုင်ငံရဲ့ ဆင်းရဲသားမိသားစုကနေ မွေးဖွားလာခဲ့တဲ့ ဂျန်ကုမ်းဟာ အသက် ၁၆ နှစ်အရွယ်မှာ မိခင်နဲ့အတူ အမေရိကန်နိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်လာခဲ့သူပါ။ သူတို့သားအမိဟာ စားဝတ်နေရေး ခက်ခဲလွန်းလို့ အစိုးရကပေးတဲ့ အခမဲ့ ရိက္ခာလက်မှတ် (Food Stamps) ရဖို့ နေ့စဉ်တန်းစီရပါတယ်။

ဂျန်ကုမ်းဟာ ကုန်စုံဆိုင်တစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ် ဝင်လုပ်ခဲ့ပြီး တဖက်မှာလည်း သူဝါသနာပါတဲ့ ကွန်ပျူတာပရိုဂရမ်ဘာသာရပ်ကို လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ သင်တန်းတက်က်ဖို့ ငွေကြေး မတတ်နိုင်လို့ ကွန်ပျူတာလမ်းညွှန် စာအုပ်ဟောင်းတွေ ဝယ်ပြီး ကိုယ်တိုင်ဖတ်ရှု လေ့လာခဲ့တာပါ။

ဆန်ဟိုဆေး (San Jose) တက္ကသိုလ်မှာ ပညာသင်ယူရင်း Yahoo! ကုမ္ပဏီမှာ အခြေခံအဆောက်အအုံ အင်ဂျင်နီယာအဖြစ် အလုပ် လုပ်ခွင့်ရခဲ့တဲ့ ဂျန်ဟုမ်းဟာ ၉ နှစ်အကြာမှာ Yahoo! ကနေ အလုပ်ထွက်ပြီး Facebook ကုမ္ပဏီမှာ အလုပ်လျှောက်ခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ iPhone ဝယ်ကိုင်ရင်း App တွေ ခေတ်စားနေတာကို သတိထားမိခဲ့ပြီး (ငယ်ဘဝတုန်းက ယူကရိန်းမှာ ဖုန်းဆက်ဖို့ ခက်ခဲခဲ့တာကို ပြန်စဉ်းစားရင်း WhatsApp (What’s up ဟူသည့် နှုတ်ဆက်စကားကို အစွဲပြု၍) ကာ စာတို ပေးပို့နိုင်တဲ့ WhatsApp ကို ဖန်တီးခဲ့တာပါ။

WhatsApp အသုံးပြုသူ သန်းရာချီ ရှိလာခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာတော့ သူ့ကို အလုပ်ခန့်ဖို့ ငြင်းပယ်ခဲ့တဲ့ Facebook ကုမ္ပဏီက ဂျန်ကုမ်းရဲ့ WhatsApp ကို အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ (၁၉,၀၀၀ သန်း)နဲ့ ဝယ်ယူခဲ့တာပါ။ သူဟာ ငယ်ရွယ်စဉ်က မိခင်နဲ့အတူ ရိက္ခာလက်မှတ် တန်းစီစောင့်ဆိုင်းခဲ့ရတဲ့ လူမှုဖူလုံရေးရုံးရှေ့မှာ WhatsApp ရောင်းချခြင်း တရားဝင်စာချုပ်ကို လက်မှတ်ထိုးခဲ့ပြီး အတိတ်ရဲ့ ခါးသီးနေ့ရက်တွေကို အောင်မြင်စွာ ပြည်ဖုံးကားချပါတယ်။

Ref: Jan Koum

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top