နျူကလီးယားလက်နက် စွမ်းဆောင်ရည်မြှင့်တင်ဖို့ အရှိန်မြှင့်ဆောင်ရွက်မယ်လို့ ကင်ဂျုံအန် ပြော

26-4-2022-yyl-08.jpg

နျူကလီးယားလက်နက် စွမ်းဆောင်ရည်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောပါတယ်။ မြောက်ကိုရီးယားစစ်တပ် တည်ထောင်တဲ့ နှစ်ပတ်လည် အထိမ်းအမှတ် စစ်ရေးပြပွဲမှာ ကင်ဂျုံအန်က အခုလို ပြောခဲ့တာပါ။

” ကျွန်တော်တို့နိုင်ငံရဲ့ နျူကလီးယားစွမ်းရည် အားကောင်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ အမြန်ဆုံးနှုန်းနဲ့ ဆက်လက်ဆောင်ရွက်သွားမှာပါ ” လို့ ကင်ဂျုံအန်က ဆိုပါတယ်။ ဒါ့အပြင် နျူကလီးယားတပ်ဖွဲ့အနေနဲ့ အချိန်မရွေး တိုက်ခိုက်နိုင်အောင် အသင့်ပြင်ဆင်ထားရမယ်လို့ ကင်ဂျုံအန်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့ည စစ်ရေးပြပွဲအခမ်းအနားမှာ ဟွာဆောင်-၁၇ အပါအဝင် တားမြစ်ပိတ်ပင်ထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်ကိုလည်း မြောက်ကိုရီးယားနိုင်ငံက ခင်းကျင်းပြသခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အကြီးဆုံး တိုက်ချင်းပစ်ဒုံးကျည်ကို ပြီးခဲ့တဲ့မတ်လအတွင်း စမ်းသပ်ပစ်လွှတ်ခဲ့လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်ရှုတ်ချမှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီစမ်းသပ်မှုအပြီးမှာ အမေရိကန်က မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှု အများအပြား ချမှတ်ခဲ့ပါတယ်။ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကြောင့် မြောက်ကိုရီးယားက အမေရိကတိုက်အထိ ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်ရေးပြပွဲအခမ်းအနားမှာ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေအပြင် အသံထက်မြန်တဲ့ ဒုံးကျည်တွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။ ဒီနှစ်ထဲမှာ မြောက်ကိုရီးယားက ဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့တနင်္လာနေ့ စစ်ရေးပြပွဲအခမ်းအနားကို လေ့လာသူတွေက အနီးကပ်စောင့်ကြည့်ခဲ့ကြပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေအရ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့မတ်လအတွင်း ပန်ဂျီရီရွာ နျူကလီးယားစမ်းသပ်ရေးစခန်းမှာ လှုပ်ရှားမှုတွေ မြင့်တက်ခဲ့တာကြောင့် နျူကလီးယားလက်နက်တွေနဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုတွေ ပြန်လည်လုပ်ဆောင်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

Ref: BBC “North Korea: Kim Jong-un vows to step up nuclear weapons programme”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top