ကန္တာရကို တားဆီးပေးမယ့် သက်ရှိတံတိုင်းတွေ တည်ဆောက်ခဲ့တဲ့ သစ်ပင်လူသား

image-1.png

ဂျော့ပူရ် (Jodhpur) မြို့အနားက ဧကလ်ခိုရီ (Ekalkhori) ရွာမှာ နွေရာသီရဲ့ လေပူတွေနဲ့အတူ လွင့်ပါလာတဲ့ သဲတွေက အိမ်ခြေတွေဆီ ဦးတည်လာသလို၊ ရွာစွန်က စိုက်ပျိုးမြေတွေကိုလည်း သဲခုံတွေက တဖြည်းဖြည်း ဝါးမြိုနေခဲ့တာပါ။ ဒါဟာ ရွာခံတွေအတွက် စိုးရိမ်စရာ အခြေအနေပါ။ ဘာကြောင့်လဲဆိုရင် သူတို့ မှီခိုအားထားနေရတဲ့ မြေယာတွေဆီကို Thar သဲကန္တာရကြီးက တရွေ့ရွေ့နဲ့ နယ်ချဲ့လာနေလို့ပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ငါးခုကျော်ကတော့ ရာနရမ်ဘစ်ရှနွိုင်း (Ranaram Bishnoi) က သူတတ်နိုင်တဲ့ နည်းလမ်းနဲ့ ဒီပြဿနာကို တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကတော့ မြေရိုင်းသဲကန္တာရဖြစ်ခဲ့တဲ့ ၂၅ ဘီဂါ (Bigha – အိန္ဒိယ မြေတိုင်းတာမှု ယူနစ်တစ်ခု) ဒါမှမဟုတ် ၁၀ ဧကခန့်ရှိတဲ့ မြေနေရာပေါ်မှာ သစ်ပင်ပေါင်း ၂၇,၀၀၀ နီးပါး စိုက်ပျိုးခဲ့တာပါပဲ။

မြေတူးစက်တွေ၊ ရေသွင်းစနစ်တွေ၊ ထောက်ပံ့ကြေးတွေ ဘာတစ်ခုမှ မပါဝင်ခဲ့ပါဘူး။ ပျိုးပင်လေးတွေ ရှင်သန်ဖို့အတွက် ရာနာရမ်က သဲခုံတွေကို ဖြတ်ပြီး ရေထမ်းလောင်းခဲ့ရတာပါ။ သူဟာ အပင်တွေ ရေရဖို့အတွက် သူ့သူငယ်ချင်းရဲ့ ရေတွင်းရှိရာ ၃ ကီလိုမီတာ (၂ မိုင်ခန့်) နီးပါး အကွာအဝေး သွားခဲ့ရတာပါ။ သူဟာ မြေအိုးတွေကိုသုံး၊ တစ်ခါတရံ ကုလားအုတ်ကို အဖော်ပြုပြီး ရာဂျာစသန်ရဲ့ ပြင်းထန်တဲ့ နေပူရှိန်အောက်မှာ ပျိုးပင်ပေါင်း ထောင်ချီကို ကိုယ်တိုင် ရေလောင်းပေးခဲ့တာပါ။

အခုဆိုရင်တော့ အဲဒီနေရာမှာ ဒေသမျိုးရင်း သစ်ပင်တွေ ရှင်သန်နေကြပြီး “သဲကန္တာရဖြစ်ထွန်းမှုကို တားဆီးပေးတဲ့ သက်ရှိတံတိုင်းကြီး” တွေအဖြစ် အခိုင်အမာ ဖြစ်တည်နေကြပါပြီ။ အဲဒီအပင်တွေရဲ့ သစ်ကိုင်းတွေက သဲကန္တာရရဲ့ လေပြင်းဒဏ်ကို ကြားကနေ ဖြတ်တောက်ပေးသလို၊ အမြစ်တွေကလည်း အိမ်တွေနဲ့ စိုက်ခင်းတွေဆီ လွင့်မျောသွားမယ့် သဲပွတွေကို ထိန်းပေးထားပါတယ်။ခြောက်သွေ့တဲ့ ဒေသတွေမှာ သစ်ပင်ဆိုတာ အလှစိုက်တာမျိုးမဟုတ်ဘဲ အခြေခံအဆောက်အအုံတစ်ခုလို အရေးပါပါတယ်။ မြေဆီလွှာ ပြုန်းတီးမှုကို လျှော့ချပေးတဲ့ အဲဒီသစ်တောလေးဟာ အရိပ်အာဝါသ ပေးစွမ်းပြီး ကျေးငှက်လေးတွေ ကျက်စားရာ နယ်မြေတစ်ခုလည်း ဖြစ်နေပါပြီ။

အခုချိန်မှာတော့ အသက် ၈၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရာနာရမ်ကို ဒေသခံတွေက “အာဟု” (Ahhu) ဒါမှမဟုတ် “သစ်ပင်လူသား” လို့ ချစ်စနိုး ခေါ်ဝေါ်ကြပါတယ်။

Ref: 86-YO Farmer Spent 50 Years Growing 27000 Trees to Protect His Village From Moving Sand Dunes

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top