သင်ယူမှုလုပ်ဖို့ ဘယ်တော့မှ နောက်မကျဘူးဆိုတာကို အသက် ၇၁ နှစ်အရွယ် တရုတ်အဘွားအိုက သက် သေပြခဲ့ပါတယ်။ မကြာသေးခင်ကမှ ရေကူးသင်ထားတဲ့ အဘွားအို လျူ ဒေဖန်းဟာ သူ့ရဲ့ဇာတိ စွေ့ရှီးခရိုင်ရှိ တံတားတစ်စင်းနားမှာ သူငယ်ချင်းတွေနဲ့အတူ စကားပြောနေတုန်း ” တံတား ပေါ်က လူတစ်ယောက် ပြုတ်ကျသွားတယ်၊ ကယ်ကြပါဦး” ဆိုတဲ့ အော်သံကြားလိုက်ရတာပါ။
ဒီအသံကြားလိုက်ရတာနဲ့ လျူ ဒေဖန်းက တုံ့ဆိုင်းမနေဘဲ ရေထဲခုန်ချပြီး အသက်တစ်ချောင်း ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကုန်းပေါ်မှာရှိသူတစ်ယောက်က ဗောကွင်းတစ်ခု တွေ့သွားလို့ လျူ ဒေဖန်းဆီ ပစ်ပေးခဲ့ပြီး သူကဗောကွင်းစွပ်ကာ ရေမွန်းနေသူဆီကူးသွားခဲ့ပါတယ်။
တကယ်တော့ အဲဒီအမျိုးသားဟာ ရေထဲပြုတ်ကျလာတာမဟုတ်ဘဲ သေကြောင်းကြံစည်တဲ့အနေနဲ့ ရေထဲခုန်ချခဲ့တာပါ။
ဒီအမျိုးသားက လျူ ဒေဖန်းရဲ့ ကယ်ဆယ်မှုကို ငြင်းဆန်နေခဲ့ပေမဲ့ လျူ ဒေဖန်းက သူ့ကို ထိန်းချုပ်ပြီး ကမ်းစပ်ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပါတယ်။
ကမ်းစပ်မှာရှိတဲ့ ဒေသခံတွေက လျူနဲ့ အဲဒီအမျိုးသားကို ကမ်းပေါ် ရောက်အောင် ကူညီတွန်းတင်ပေးခဲ့ကြပါတယ်။ အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားလို့ လျူ ဒေဖန်းက လူသိမခံချင်လို့ အဲဒီ နေရာကနေ တိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်။
ဒါပေမဲ့ ရဲတပ်ဖွဲ့က ကယ်တင်ရှင်ဘယ်သူလဲ သိချင်တာကြောင့် ယာဉ်ကြောကြည့်ကင်မရာနဲ့ တခြား စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို လူမှုကွန်ရက်ပေါ် တင်ပြီး ရှာဖွေခဲ့ပါတယ်။
အဲဒီ ဗီဒီယိုမှတ်တမ်းက တရုတ်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လျူ ဒေဖန်းရဲ့အစ်ကိုဖြစ်သူက သူ့ညီမမှန်း သိသွားခဲ့တာပါ။ လျူ ဒေဖန်းဟာ အစ်ကိုဖြစ်သူ ဆူခံရမယ်စိုးလို့ လူမသိအောင် ရှောင်ထွက်သွားခဲ့ပေမဲ့ သူ့အစ်ကိုသိသွားလို့ ဆူခံခဲ့ရပါသေးတယ်။
Ref : Senior Who Only Learned to Swim After Retiring Saves Drowning Man Half Her Age
NZ (ရိုးရာလေး)

