ခင်ပွန်းဖြစ်သူရဲ့ဇနီးဟောင်းအတွက် ကျောက်ကပ်လှူဒါန်းပေးခဲ့သူ

28-6-2021-yyl-01-1.jpg

အမျိုးသမီးတစ်ဉီးဟာ မင်္ဂလာဆောင်ပြီး ရက်အနည်းငယ်ကြာမှာ သူ့ခင်ပွန်းဖြစ်သူရဲ့ဇနီးဟောင်းအတွက် ကျောက်ကပ်လှူဒါန်းပေးခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖလော်ရီဒါပြည်နယ်မှာ ရှိခဲ့ပါတယ်။ အဲဒီအမျိုးသမီးကတော့ အသက် ၅၆ နှစ်အရွယ် ဒတ်ဘ်ဘီ နီအယ် စထစ်ခ်လန် (Debby Neal-Strickland) ဆိုသူဖြစ်ပြီး သူ့ရဲ့ချစ်သူ ဂျင်မ် မာသီ (Jim Merthe) နဲ့ ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်တဲ့နေ့ ၂၀၂၀ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ပြီး (၂) ရက်အကြာမှာတော့ ဒတ်ဘ်ဘီက ကျောက်ကပ်ရောဂါခံစားနေရတဲ့ သူ့ခင်ပွန်း ဂျင်မ်ရဲ့ဇနီးဟောင်း မိုင်လာအန် မာသီအတွက် ကျောက်ကပ်လှူဒါန်းပေးခဲ့ပါတယ်။

“သူမဟာ လူတစ်ယောက်ပါပဲ။ သူ ကျောက်ကပ်လိုအပ်တယ်။ ကျွန်မမှာကျောက်ကပ်ရှိတယ်။ ကျွန်မက ကျန်းမာသန်စွမ်းတဲ့အတွက် သူ့ကို ပေးဖို့ လုံလောက်ပါတယ်။ သူက ကျွန်မခင်ပွန်းရဲ့ကလေးတွေရဲ့မိခင်ဖြစ်တဲ့အပြင် မြေးနှစ်ယောက်လည်းရှိပါတယ်”လို့ ဒတ်ဘ်ဘီက ဆိုပါတယ်။

ဒတ်ဘ်ဘတ်က သူကိုယ်တိုင်ကလည်း အဘွားဖြစ်တဲ့အတွက် မိသားစုတစ်စုမှာ အဘွားမရှိလို့မဖြစ်ဘူးဆိုတာ ခံစားမိခဲ့တာပါ။ “ဂျင်မ်ကို ကျွန်မ ချစ်တယ်။ သူ့ကို ဘာမှကြုံတွေ့မခံစားစေချင်ဘူး” လို့ ဆိုပါတယ်။ ဂျင်မ်နဲ့ ဒတ်ဘ်ဘီတို့က ကလေး (၆) ယောက်ကို အတူတူပြုစုပျိုးထောင်ပေးနေတာပါ။ (၅) ယောက်က ဆယ်ကျော်သက်ဖြစ်ပြီး (၆) ယောက်မြောက်က အော်တစ်ဇင်ဖြစ်နေတဲ့ (၆) နှစ်အရွယ်ကလေးလေးဖြစ်ပါတယ်။ အဲဒီအထဲက (၂) ယောက်က ဒတ်ဘ်ဘီရဲ့မြေးအရင်းပါ။

ဂျင်မ်နဲ့ မိုင်လာတို့ဟာ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က ကွာရှင်းခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ကလေး (၂) ဉီးကို ပျိုးထောင်နေရတဲ့အတွက် ရင်းနှီးနေတုန်းပါပဲ။ အရင်ကတည်းက ဒတ်ဘ်ဘီနဲ့ မိုင်လာတို့က အချင်းချင်းရင်းနှီးကြပေမဲ့ ကျောက်ကပ်လှူဒါန်းမှုက သူတို့ကို ပိုပြီး ရင်းနှီးလာစေခဲ့ပါတယ်။ မိုင်လာက ကျောက်ကပ်ရောဂါကို နှစ် (၃၀) ကျော်လောက် ရုန်းကန်ကျော်လွှားနေခဲ့ရတာပါ။ လွန်ခဲ့တဲ့ (၃) နှစ်မှာ ကျောက်ကပ်ရောဂါက ပိုပြီးဆိုးရွားလာခဲ့ပြီး လွန်ခဲ့တဲ့နှစ်က သူ့ရဲ့ကျောက်ကပ်လုပ်ဆောင်ချက်က ၈ ရာခိုင်နှုန်းဖြစ်ခဲ့ပါတယ်။

ဒတ်ဘ်ဘီက မိုင်လာ ကျောက်ကပ်တစ်ဖက်လိုအပ်နေတဘ်ဆိုတာ သိရှိသွားတဲ့အချိန်မှာ ကျောက်ကပ်ပေးဖို့ အစီအစဉ်ရှိခဲ့တာပါ။ အဲဒီအချိန်တုန်းက မိုင်လာရဲ့အစ်ကိုက ကျောက်ကပ်လှူဒါန်းပေးဖို့ စစ်ဆေးမှုခံယူနေခဲ့တာပါ။ သူ့ရဲ့ရလဒ်က Negative ထွက်လာတဲ့အချိန်မှာ ဒတ်ဘ်ဘီ ကျောက်ကပ်လှူဒါန်းပေးဖို့ ဖြစ်လာခဲ့ပါတယ်။

ဒတ်ဘ်ဘီရဲ့သွေးနဲ့တစ်ရှူးစစ်ဆေးမှုရလဒ်က မိုင်လာနဲ့ ကိုက်ညီမှုရှိတဲ့အချိန်မှ ဒတ်ဘ်ဘီက (၂၄) နာရီအတွင်းမှာ ဆီးနမူနာယူပြီး စစ်ဆေးတာမျိုးလုပ်ခဲ့ရပါသေးတယ်။ ဆေးစစ်မှုရလဒ်အကုန်လုံးက Positive ဖြစ်ခဲ့ပါတယ်။ “ဆရာဝန်တွေကတောင် ကျွန်မတို့ (၂) ဉီးကိုက်ညီတာကို မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်။ ဒါက ကျွန်မတို့ရဲ့ကံကြမ္မာပါပဲ” လို့ ဒတ်ဘ်ဘီက ပြောပါတယ်။

ဒတ်ဘ်ဘီဟာ ဟိုအရင်ကတည်းက ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းချင်ခဲ့တာ။ ဒါပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုလှူရမှန်းမသိခဲ့ဘူး။ သူ့ရဲ့အစ်ကိုက လွန်ခဲ့တဲ့ (၂၆) နှစ်ကျော်က အဆုတ်အစားထိုးဖို့ စောင့်ဆိုင်းရင်းနဲ့ သေဆုံးသွားခဲ့တာပါ။ သူ့ရဲ့အဆုတ်တစ်ဖက်ကို လှူဒါန်းပေးခဲ့ချင်ပေမဲ့ သူတို့ (၂) ဉီးကိုက်ညီမှုမရှိခဲ့လို့ပါ။ ကျောက်ကပ်အစားထိုးပြီးသွားတဲ့ မိုင်လာအန်ကတော့ အသစ်တစ်ဖန်ဖြစ်တည်လာတဲ့လူသားတစ်ယောက်လိုခံစားရတယ်လို့ ဆိုပါတယ်။ “ဒတ်ဘ်ဘီက ကျွန်မ့ရဲ့ဘဝကို ကယ်တင်ပေးခဲ့တာ။ ကျွန်မ အမြဲတမ်းလိုချင်ခဲ့တဲ့အရာအားလုံးက အဘွားတစ်ယောက်ဖြစ်ဖို့၊ မြေးလေးတွေရှိလာဖို့၊ သူတို့အတွက် အမြဲတမ်းရှိနေပေးဖို့ပါပဲ။ အခုဆိုရင် ကျွန်မမှာ မြေးလေး (၂) ယောက်ရှိပါတယ်။ အဲဒါ ဒတ်ဘ်ဘီကြောင့်ပါပဲ” လို့ မိုင်လာအန်က ဆိုထားပါတယ်။

Ref: ABCNews “Woman donates kidney to her husband’s ex-wife”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top