HercLeon ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ HercShirt (ဗားရှင်း ၅.ဝ) ကတော့ မလျှော်ဘဲ တစ်လတိတိဝတ်လည်း အနံ့ဆိုး မထွက်ဘူးဆိုတဲ့ အချက်ကြောင့် အွန်လိုင်းပေါ်မှာ ရေပန်းစားလျက် ရှိပါတယ်။
HercLeon ကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်ပိုင်းကလည်း အလိုအလျှောက် ပြန်လည်သန့်စင်ပေးနိုင်စွမ်းရှိတဲ့ အတွင်းခံဘောင်းဘီတွေကို ထုတ်လုပ်ခဲ့ဖူးပါတယ်။
ပူပြင်းပြီး ချွေးထွက်များလွန်းတဲ့ နွေရာသီကာလတွေမှာ မလျှော်ဘဲ တစ်လတိတိ ဝတ်နိုင်မယ်ဆိုတဲ့အချက်က သံသယဖြစ်စရာ ရှိပေမဲ့ HercLeon ကုမ္ပဏီကတော့ သူတို့ရဲ့ နည်းပညာက တကယ့်လက်တွေ့ဖြစ်တယ်လို့ ဆိုပါတယ်။
ကာလရှည်ကြာ အနံ့အသက် ကင်းဝေးစေဖို့ ကြေးနီ၊ ငွေ၊ ဇင့် (သွပ်)၊ ရွှေ၊ မီးတောင်ပြာနဲ့ တခြားလျှို့ဝှက်ပါဝင်ပစ္စည်း ၂ ခု စုစုပေါင်း အထူးပါဝင်ပစ္စည်း ၇ မျိုးကို ချည်သားထဲအထိ ထည့်သွင်းအသုံးပြုထားတယ်လို့ အမေရိကန် အဝတ်အထည်အမှတ်တံဆိပ် HercLeon က ထုတ်ပြန်ထားပါတယ်။
ဥပမာအားဖြင့် ကြေးနီဟာ အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တားဆီးပေးပြီး ဇင့်ကတော့ ချွေးထွက်ခြင်းကြောင့် ထွက်လာတဲ့ ဆာလ်ဖာဒြပ်ပေါင်းတွေကို ဓာတ်ပြယ်စေပါတယ်။ မီးတောင်ပြာဟာ အစိုဓာတ်နဲ့ ပြင်ပက ဝင်လာတဲ့ အနံ့ဆိုးတွေကို စုပ်ယူပေးတဲ့ စပေါ့ခ်ျရေမြှုပ်လို လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

HercShirt V5.0 တီရှပ်တစ်ထည်အတွက် အမေရိကန်ဒေါ်လာ ၇၉ ဒေါ်လာ (မြန်မာငွေ ၃ သိန်းကျော်) ကျသင့်မှာဖြစ်ပြီး အော်ဒါမှာယူမှုတွေအတွက် နိုဝင်ဘာလအစောပိုင်းမှာ စတင်ပို့ဆောင်ပေးမယ်လို့ ဆိုပါတယ်။ အစပိုင်းမှာတော့ အနက်ရောင် တစ်မျိုးတည်းသာ ရရှိမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ နေဗီအပြာ၊ စပျစ်ဝိုင်နီရင့်ရောင်နဲ့ အစိမ်းရင့်ရောင်တွေ ထပ်မံရောင်းချပေးမှာ ဖြစ်ပါတယ်။
Ref: Clothing Brand Sells T-Shirt That Doesn’t Require Wasing for Up to a Month of Daily Wear
NZ (ရိုးရာလေး)

