အသက် ၂၉ နှစ်အရွယ် တရုတ်လူမျိုးရထားမောင်းသမားဟောင်းတစ်ဦးဟာ AI အသုံးပြုပြီး ဒေါ်လာ ၄၄၀ နဲ့ ၃.၅ မိနစ်ကြာတဲ့ ဇာတ်လမ်းတိုဖန်တီးခဲ့လို့ လူသိများသွားခဲ့ပါတယ်။ သူ့ရဲ့ပရောဂျက်က ဟောလိဝုဒ်အထိ စိတ်ဝင်စားသွားစေခဲ့ပါတယ်။ လျိုကျီယွိက စက်ရုပ်တစ်ရုပ်နဲ့ 3D ပုံစံအရုပ်မတို့ကြား အချစ်ဇာတ်လမ်းဖြစ်တဲ့ ‘Zombie Scavenger’ဇာတ်လမ်းတိုကို ၁၀ ရက်အချိန်ယူပြီး ဖန်တီးခဲ့ပါတယ်။
မေလ ၉ ရက်နေ့က တရုတ်လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့တဲ့ အဲ့ဒီဇာတ်လမ်းတိုက AI နည်းပညာကိုပဲ အသုံးပြုထားတာပါ။ ဆော့ဖ်ဝဲလ်စာရင်းသွင်းမှုနဲ့ အသုံးပြုမှုတိုကင်တွေအတွက် ကုန်ကျစရိတ်ရှိခဲ့တာပါ။

လျိုက အင်ဂျင်မောင်းနှင်မှုနဲ့ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာကျောင်းကနေ ဘွဲ့ရခဲ့ပြီး ရထားမောင်းသမားအဖြစ် ၃ နှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းကျ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ကူးသူတစ်ဦးဖြစ်ခဲပါတယ်။ သူ့မှာ ရုပ်ရှင်ရိုက်ကူးတဲ့အတွေ့အကြုံမရှိပါဘူး။
သူ့မိဘတွေက သူတို့မိသားစုဖွင့်ထားတဲ့ ဟိုတယ်ဖွင့်ပွဲအတွက် ပရိုမိုးရှင်းအကြောင်းအရာတစ်ခုဖန်တီးဖို့ တောင်းဆိုခဲ့လို့ အခုနှစ်အစောပိုင်းမှာ AI Video ကိရိယာတွေကို စမ်းသပ်ခဲ့တာပါ။ သူ အသုံးပြုတဲ့ Prompt formula က လှုပ်ရှားမှု၊ လှုံ့ဆော်မှု၊ စိတ်ခံစားချက်တို့ကို ပေါင်းစပ်ခြင်းပါ။
သူ့ရဲ့AI ဇာတ်လမ်းတိုက ဟောလိဝုဒ်အခြေစိုက် AI ရုပ်ရှင်ဒါရိုက်တာ PJ Accetturo ရဲ့စိတ်ဝင်စားမှုကို ရရှိသွားခဲ့ပါတယ်။ သူ မြင်ဖူးသမျှ အကောင်းဆုံးဇာတ်လမ်းတိုတွေထဲက တစ်ခုဖြစ်တယ်လို့ သူက ပြောခဲ့သလို ဖန်တီးသူကို အလုပ်ကမ်းလှမ်းချင်လို့ ဖန်တီးတဲ့သူရှာရာမှာ ကူညီပေးဖို့ လူမှုကွန်ယက်အသုံးပြုသူတွေကို တောင်းဆိုခဲ့ပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေက သူတို့နှစ်ဦးကို ချိတ်ဆက်ပေးခဲ့ပြီးနောက် လျိုကတော့ အလုပ်ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပါတယ်။ သူက ချက်ချင်းကြီး ပြည်ပကို ပြောင်းမရွေ့ချင်သေးတဲ့အပြင် တရုတ်မှာပဲ သူ့ရဲ့အလုပ်ကို ဆက်ပြီးလုပ်ချင်လို့၊ ပြီးတော့ အင်္ဂလိပ်စကားလည်း မပြောတတ်တာကြောင့်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ လျိုက PJ Accetturoရဲ့အဖွဲ့နဲ့ အဆက်အသွယ်မပျက်ရှိနေတုန်းပါပဲ။ အခုတော့ အမေရိကန်ကို သွားဖို့ အစီအစဉ်မရှိပေမဲ့ သူတို့တွေက အမေရိကန်မှာ သူ့ရဲ့သူငယ်ချင်းတွေလိုပါပဲလို့ လျိုက ပြောထားပါတယ်။
Ref: Ex-Train Driver In China Creates AI Short Film For Just $440, Lands Hollywood Job Offer
WL (ရိုးရာလေး)

