လိုအပ်နေသူတွေထံ ငွေသား ဒေါ်လာ ၅၅၀ စီ တိုက်ရိုက်ထောက်ပံ့မှုရဲ့ အံ့အားသင့်ဖွယ်ရလဒ်

cave.jpg

Canva ဒီဇိုင်းကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ သြစတြေးလျစုံတွဲဟာ မာလာဝီနိုင်ငံမှ နွမ်းပါးသူတွေကို တစ်ဦးလျှင် ငွေသားဒေါ်လာ ၅၅၀ စီ တိုက်ရိုက်ထောက်ပံ့ပေးခဲ့ပြီး နောက်ဆက်တွဲအခြေအနေတွေကို လေ့လာကြည့်တဲ့အခါ အံ့အားသင့်ဖွယ်ရလဒ် ထွက်ပေါ်ခဲ့တာ တွေ့ရပါတယ်။

မီလာနီပါကင်(Melanie Perkins)နဲ့ ကလစ်ဖ်အိုဘရက်ချ်( Cliff Obrecht) တို့ဟာ Canva Foundation မှတစ်ဆင့် အကျိုးအမြတ်မယူသောအဖွဲ့အစည်း GiveDirectly နဲ့ ပူးပေါင်းပြီး မာလာဝီနိုင်ငံမှ အဆင်းရဲဆုံး ကျေးရွာတွေမှ ပြည်သူတွေထံ တိုက်ရိုက်ငွေကြေး ထောက်ပံ့ခဲ့တာပါ။

ဒီစီမံကိန်းဟာ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတစ်နိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာ့အကြီးဆုံး “စည်းကမ်းသတ်မှတ်ချက်မရှိတဲ့ တိုက်ရိုက်ငွေသားထောက်ပံ့မှု” (Unconditional Cash Transfer) ဖြစ်ပါတယ်။ ကြားခံအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အဆင့်ဆင့် လုပ်ဆောင်မယ့်အစား ဆင်းရဲနွမ်းပါးသူတွေအနေနဲ့ သူတို့လိုအပ်ချက်ကို ကိုယ်တိုင်နားလည်လိမ့်မယ်လို့ ယုံကြည်မှုပေးပြီး လုပ်ဆောင်တဲ့ စီမံကိန်း ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးသူတွေကို ငွေသား တိုက်ရိုက်ပေးလိုက်ရင် သူတို့တွေက ဖြုန်းတီးပစ်ကြလိမ့်မယ်လို့ ဆယ်စုနှစ်များစွာ ယူဆခဲ့ကြပေမဲ့ Canva တည်ထောင်သူနှစ်ဦးကတော့ ဒေါ်လာ ၁၀ သန်းနဲ့ ရှေ့ပြေးစီမံကိန်း စတင်ခဲ့ပြီးတဲ့နောက် ဒေါ်လာသန်း ၁၅၀ အထိ လှူဒါန်းမယ့် စီမံကိန်းကြီးကို အကောင်အထည် ဖော်ခဲ့ကြတာပါ။

ထောက်ပံ့ငွေ ဒေါ်လာ ၅၅၀ ပေးအပ်ခဲ့ပြီးနောက် သူတို့ရဲ့ လူနေမှုဘဝကို စောင့်ကြည့်လေ့လာခဲ့ရာ သုံးလအကြာမှာ အလှူငွေရရှိသူ ၉၀ ရာခိုင်နှုန်းဟာ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုမျဉ်း (Extreme Poverty Line) အောက်မှ လွတ်မြောက်လာခဲ့ကြပါတယ်။ ဒါ့အပြင် ကလေးသူငယ် သေဆုံးမှုနှုန်း ၄၈ ရာခိုင်နှုန်း၊ ဖျားနာမှုနှုန်း ၂၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး ကျောင်းအပ်နှံမှုနှုန်း ၂၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

ထောက်ပံ့ငွေ ရရှိသူတွေဟာ မိုးယိုတဲ့သွပ်တွေကို လဲလှယ်ဖို့ သွပ်အသစ်တွေ၊ ဝင်ငွေရစေမယ့် မွေးမြူရေးတိရစ္ဆာန်တွေ၊ စိုက်ပျိုးရေးအတွက် မျိုးစေ့နဲ့ မြေဩဇာတွေ ဝယ်ယူခဲ့ကြပြီး ကလေးတွေအတွက် ကျောင်းလခပေးတာ၊ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် ကုန်ကြမ်းပစ္စည်း ဝယ်ယူတာမျိုးတွေ လုပ်ခဲ့ကြပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် အလွန်အမင်း ဆင်းရဲနွမ်းပါးစွာ နေထိုင်နေရသူတွေဟာ သူတို့ ဘာလိုအပ်သလဲဆိုတာကို ဝေခွဲမရ ဖြစ်နေတာမျိုး မဟုတ်ဘဲ သူတို့မှာ “မတည်ရင်းနှီးငွေ” (Capital) မရှိလို့သာ သိသိလျှက်နဲ့ မလုပ်နိုင်တာမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။

မီလာနီပါကင်နဲ့ ကလစ်ဖ်အိုဘရက်ချ်တို့ရဲ့ လှူဒါန်းမှုဟာ GiveDirectly အဖွဲ့အစည်းသမိုင်းမှာ အကြီးမားဆုံးသော တစ်ကြိမ်တည်းလှူဒါန်းမှု ဖြစ်ပြီး အခုအချိန်မှာ လက်ဝယ်အရောက် ထောက်ပံ့နိုင်ခဲ့တဲ့ အလှူငွေ ဒေါ်လာ ၅၂.၅ သန်း ရှိပါပြီ။ ဒေါ်လာ သန်း ၁၅၀ အနက် ကျန်အလှူငွေတွေကိုတော့ လာမယ့် ၄ နှစ်အတွင်း ဆက်လက်ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။

ကလစ်ဖ်အိုဘရက်ချ်ဟာ ဘီလျံနာတွေရဲ့ အသုံးအဖြုန်းကြီးမှုကို အလွန်မုန်းတီးသူဖြစ်ပြီး သူကိုယ်တိုင်လည်း ဒေါ်လာ ၃၀ တန် လက်စွပ်လေးနဲ့ပဲ မီလာနီပါကင်ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ သူတို့စုံတွဲဟာ ပိုင်ဆိုင်မှုအများစုကို ပြန်လည်လှူဒါန်းမယ်လို့ ကတိပြုထားကြပြီး မာလာဝီနိုင်ငံကတော့ သူတို့ရဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ရာ နေရာ ဖြစ်လာခဲ့ပါပြီ။

Ref: Why Canva’s billionaire founders are giving away $550 cash payment to every adult in Malawi

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top