ရှေ့ဆံမြိတ်နဲ့ ချစ်ဖို့ကောင်းနေလို့ အင်တာနက်မှာ လူပြောများနေတဲ့ ထိုင်းနိုင်ငံက ဆင်မကြီး

25-8-2020-yyl-017.jpg

စာဖတ်ပရိသတ်တွေရော ရှေ့ဆံမြိတ်ပါတဲ့ဆင်ကို မြင်ဖူးကြလား။ မမြင်ဖူးဘူးဆိုရင်လည်း အခုမြင်ဖူးကြတော့မှာပါ။ အခြားဆင်တွေနဲ့မတူဘဲ ထိုင်းနိုင်ငံက ဆင်တစ်ကောင်မှာ သဘာဝအတိုင်း ရှေ့ဆံမြိတ်လေးပါနေပါတယ်။ တနင်္ဂနွေနေ့က ချင်းမိုင်ရဲ့ Maetaeng Elephant Park & Clinic ဟာ သူတို့ဆီက အသက် (၇၀) နှစ် အရွယ် ဆင်မကြီး ဘန်မာရဲ့ပုံတွေကို ဖေ့စ်ဘွတ်ခ်ကနေ မျှဝေခဲ့ပါတယ်။ ရှေ့ဆံမြိတ်စတိုင်နဲ့ ချစ်စရာကောင်းနေတဲ့ ဆင်မကြီးရဲ့ပုံတွေက လျင်လျင်မြန်မြန်ပဲ လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေက ဆင်မကြီးကို ချစ်ကြောင်း ပြသနေတဲ့ ကွန်မန့်တွေလည်း ပလူပျံခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့သတင်းအေဂျင်စီ Forest for Wild Life ကလည်း တွစ်တာအကောင့်မှာ ဆင်မကြီး ဘန်မာကို မန်းရှင်းခေါ်ခဲ့ပြီး တစ်ရက်တည်နဲ့ မျှဝေသူ (၁၄,၀၀၀) ကျော်ရှိခဲ့ပါတယ်။ ဆင်တွေမှာ ရှားရှားပါးပါးတွေ့ရတဲ့ အမွေးအမှင်အထူရှိနေတဲ့ ဆင်မကြီးဘန်မာရဲ့ထူးခြားတဲ့အသွင်အပြင်ကို လူမှုကွန်ယက်အသုံးပြုသူတွေက အရမ်းကို သဘောကျလို့နေပါတယ်။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် အဲဒီအမွေးအမှင်အထူက ဆင်မကြီးရဲ့ခေါင်းမှာ ချစ်စရာကောင်းတဲ့စမြိတ်လေးဖြစ်နေပါတယ်။ တချို့သူတွေကလည်း ဆင်မကြီးဘန်မာက လသားအရွယ်ဆင်တစ်ကောင်နဲ့ တူနေတယ်လို့လည်း ထောက်ပြပြောဆိုထားကြပါတယ်။

ပုံတွေထဲမှာကြည့်လိုက်ရင် ဆင်မကြီး ဘန်မာက အသက် ၇၀ လို့မထင်ရလောက်အောင် ငယ်နေပါတယ်။ ဆင်မကြီးရဲ့ပုံတွေ လူမှုကွန်ယက်မှာ ပလူပျံသွားပြီးတဲ့နောက် ထိုင်းနိုင်ငံအတွင်းက သတင်းမီဒီယာတွေဟာ ဆင်မကြီးရှိတဲ့ဘေးမဲ့တောကို လာလည်ခဲ့ကြပြီး ဘန်မာရဲ့ချစ်စရာဆံပင်ပုံစံအကြောင်း မေးခဲ့တယ်လို့ Maetaeng Elephant Park & Clinic က ပြောပါတယ်။

ချင်းမိုင်ရဲ့မြောက်ဘက် (၅၀) ကီလိုမီတာမှာရှိတဲ့ Maetaeng ပန်းခြံက အဲဒီဒေသမှာ ရှိတဲ့ ဆင်တွေကို အခမဲ့ဆေးကုသပေးနေတဲ့ ဆင်ဘေးမဲ့တောဖြစ်ပြီး ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ အလည်လာတဲ့သူတွေက ဆင်မကြီး ဘန်မာနဲ့ အခြားဆင်တွေကိုလည်း အခမဲ့ မြင်တွေ့ခွင့်ရနိုင်ပါတယ်။ ဒါ့အပြင် ရုံးပိတ်ရက်နဲ့ အားလပ်ရက်တွေမှာ ပန်းချီဆွဲတာ၊ ဘောလုံးကစားတာလို့ ဆင်ပြပွဲတွေလည်း အခမဲ့ပြသပါတယ်။

Ref: TheSmartLocal “Thai Elephant With Bangs Becomes Internet Sensation For Her Fashionable Au Naturale “Hairstyle””

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top