၁၉၉၉ ခုနှစ်မှာ အမေရိကန်နဲ့ တရုတ်အစိုးရကြား ဆရာ/ဆရာမ ဖလှယ်ရေးအစီအစဉ်အရ ရော်နယ်ဆာကိုစကီး (Ronald Sakolsky) က တရုတ်နိုင်ငံ လျို့ယန်မြို့မှာ စာသင်ပြခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ယင်ယုကျန်း (Yin Yuzhen) ရဲ့ ကြိုးပမ်းမှုအကြောင်း သူ သတင်းကြားခဲ့တာပါ။
ယုကျန်းတို့ ဇနီးမောင်နှံဟာ တရုတ်နိုင်ငံမြောက်ပိုင်းရှိ မော်ဝူးဆု (Maowusu) သဲကန္တာရကို စိမ်းလန်းစိုပြည်ပြီး သက်ရှိများ ရှင်သန်ရာ အိုအေစစ်တစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းနေကြတာပါ။ ယုကျန်းတို့ ဇနီးမောင်နှံ ပျိုးပင်တွေ ဝယ်ယူဖို့အတွက် ဆာကိုစကီးက အမေရိကန်ဒေါ်လာ ၅၀၀၀ ရန်ပုံငွေ ရှာဖွေပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဆာကိုစကီးလည်း ယုကျန်းတို့နဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပြီး သူ့ရဲ့ အလှူငွေနဲ့ ဝယ်ယူ စိုက်ပျိုးထားတဲ့ ပျိုးပင်လေးတွေ ရှင်သလား၊ သေသလားဆိုတာကိုလည်း မသိခဲ့ပါဘူး။ ဆာကိုစကီးက မေ့လျော့နေခဲ့ပေမဲ့ ယုကျန်းကတော့ သူ့မိတ်ဆွေဟောင်းကြီးကို မမေ့ခဲ့ပါဘူး။ သူ့အပင်တွေ ရှင်သန် ကြီးထွားလာတာကို ဆာကိုစကီး မြင်ရစေမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့တာပါ။
ယုကျန်းဟာ သဲကန္တာရထဲမှ အိုအေစစ် ဖြစ်ပေါ်လာပုံအကြောင်း၊ မိတ်ဆွေဟောင်းကြီး ဆာကိုစကီးရဲ့ ကူညီပံ့ပိုးမှုအကြောင်းတွေကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ရာမှာ ပျံ့နှံ့သွားခဲ့ပြီး ဒီဗီဒီယိုကို ဆာကိုစကီးလည်း တွေ့မြင်သွားခဲ့ပါတယ်။
အဲဒီမှတစ်ဆင့် သူတို့တွေ ပြန်လည်ဆုံစည်းခွင့် ရရှိခဲ့ပြီး ဆာကိုစကီးကလည်း သူ့ရဲ့လှူဒါန်းမှုနဲ့ စိုက်ပျိုးထားတဲ့ ပျိုးပင်လေးတွေ ရှင်သန်ကြီးထွားပြီး တောအုပ်ကြီးတစ်ခု ဖြစ်နေတာကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရရှိခဲ့ပါတယ်။
Ref: Teacher donated $5,000 to plant trees in China. 27 years later, he’s moved to tears by the results.
NZ (ရိုးရာလေး)

