တရုတ်နိုင်ငံရဲ့ စီးပွားရေး တစ်ကျော့ပြန် ဦးမော့ လာတယ်ဆိုရာဝယ်

16-7-2020-yyl-021.jpg

ရောဂါကူးစက်မှုတွေ တစ်ကျော့ပြန်မြင့်တက်လာလို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ မြို့တွေကို ပိတ်ထားရတဲ့အတွက် စီးပွားရေး ဆက်လက်ကျဆင်းနေချိန်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးကတော့ တစ်ကျော့ပြန်ဦးမော့လာခဲ့ပါပြီ။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရင်ဆုံးဖြစ်ပွားပြီး စီးပွားရေးတိုးတက်မှု အရင်ဆုံးပြန်ရတဲ့နိုင်ငံဖြစ်လာပါတယ်။ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့မှုတွေလုပ်ခဲ့ရတဲ့ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်မှာ ၆.၈ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ပါတယ်။ အဲဒီပမာဏဟာ ပြည်တွင်းကုန်ထုတ်လုပ်မှု(GDP) သုံးလပတ်အချက်အလက်တွေ စတင်ကောက်ယူခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့ အဆိုးရွားဆုံးကျဆင်းမှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ တရုတ်နိုင်ငံဟာ ဧပြီလကနေ ဇွန်လအထိ ဒုတိယ သုံးလပတ်မှာ စီးပွားရေးတိုးတက်မှု ၃.၂ ရာခိုင်နှုန်း ရှိခဲ့ပြီး စီးပွားရေးပညာရှင်တွေ ခန့်မှန်းထားတဲ့ပမာဏထက် ပိုများနေပါတယ်။ တချို့တွေကတော့ တရုတ်နိုင်ငံရဲ့စီးပွားရေးအတက်၊ အကျဖြစ်စဉ်ကို V ပုံသဏ္ဍာန်နဲ့ ခိုင်းနှုန်းကြပါတယ်။ အကျကြမ်း၊ အတက်ကြမ်းတဲ့ပုံစံမျိုးပေါ့။ တရုတ်နိုင်ငံဟာ ဒုတိယသုံးလပတ်မှာ စီးပွားရေးတိုးတက်မှုရှိလာလို့ စီးပွားရေး တုံ့နှေးကျဆင်းမှု(Recession)အဖြစ် သတ်မှတ်ခံရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့ပါတယ်။ စီးပွားရေးသဘောတရားအရ သုံးလပတ်နှစ်ကြိမ်ဆက်တိုက် စီးပွားရေးကျဆင်းရင် စီးပွားရေး တုံ့နှေးကျဆင်းမှုအဖြစ် သတ်မှတ်လေ့ရှိပါတယ်။

တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမှုတွေ အင်တိုက်အားတိုက် ဆောင်ရွက်ပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့တာကို တရုတ်နိုင်ငံရဲ့ စီးပွားရေးဦးမော့မှုက သက်သေခံနေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဦးမော့မှုမှာ စက်မှုလုပ်ငန်းဆိုင်ရာ ထုတ်လုပ်မှု၊ ရွှေ့ပြောင်းမရတဲ့ပိုင်ဆိုင်မှုတွေအတွက် ရင်းနှီးမြှုပ်နှံမှု၊ အဝေးပြေးလမ်းနဲ့ ရထားလမ်း စတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုစီမံကိန်းတွေက အခရာကျနေပြီး ပြည်တွင်းစားသုံးမှု၊ ဝယ်လိုအား သိသိသာသာ မြင့်တက်လာတာမျိုး မတွေ့ရသေးပါဘူး။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ စီးပွားရေးဦးမော့မှုက ဘယ်လောက်အထိ စိတ်ချရမလဲ၊ ကမ္ဘာ့စီးပွားရေးကို တစ်ကျော့ပြန်တိုးတက်လာစေမယ့် မောင်းနှင်အားဖြစ်နိုင်ပါ့မလားဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ လက်လီရောင်းချမှုပမာဏက မျှော်မှန်းသလောက် မမြင့်တက်ခဲ့ဘဲ (၂၀၁၉ ခုနှစ် ဇွန်လနဲ့ယှဉ်ရင်) ပြီးခဲ့တဲ့ဇွန်လမှာ ၁.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာ စီးပွားရေးကျဆင်းတာ၊ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာ စတဲ့အချက်တွေကြောင့် ဝယ်လိုအားကျဆင်းနေချိန်မှာ တရုတ်ပြည်တွင်းစားသုံးမှုဈေးကွက် မြင့်တက်လာမှပဲ တရုတ်နိုင်ငံရဲ့ စက်ရုံ၊ အလုပ်ရုံတွေ လည်ပတ်အားကောင်းမွန်လာမှာပါ။ တကယ်တော့ တရုတ်နိုင်ငံရဲ့ စက်ရုံ၊ အလုပ်ရုံတွေက ပြည်တွင်း၊ ပြည်ပဈေးကွက် ဝယ်လိုအားထက်တောင် ပိုထုတ်လုပ်နိုင်တဲ့ ပမာဏမျိုးရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလတစ်လျှောက်လုံး ကုန်ခြောက်ပစ္စည်းနဲ့ တခြားမရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေ ရောင်းအားကောင်းခဲ့ပေမဲ့ စားသောက်ဆိုင်မှာထွက်စားဖို့၊ ဟိုတယ်မှာ ညအိပ်ဖို့၊ မရှိမဖြစ်မလိုအပ်တဲ့ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေအတွက် ငွေကြေးသုံးစွဲမှုအပိုင်းကတော့ အရင်လိုမကောင်းသေးပါဘူး။ ပြီးတော့ တရုတ်နိုင်ငံမှာ လူငယ်အများစုအပါအဝင် အလုပ်လက်မဲ့ဖြစ်သူ သန်းချီရှိနေပါတယ်။ တရုတ်အစိုးရကတော့ ဘွဲ့လွန်ကျောင်းတွေမှာ အလုပ်နေရာသစ်တွေ တိုးချဲ့ပေးတာ၊ ဘလော့ဂါတွေ၊ ပရော်ဖက်ရှင်နယ် ဗီဒီယိုဂိမ်းကစားသူတွေကိုပါ အလုပ်အကိုင် ရှိသူတွေအဖြစ် သတ်မှတ်စေပြီး တုံ့ပြန်လှုပ်ရှားခဲ့ပါတယ်။

ပုံမှန်အားဖြင့် တရုတ်နိုင်ငံမှာ နှစ်သစ်ကူးအားလပ်ရက် ပျော်ပွဲရွှင်ပွဲတွေ ပါဝင်ဆင်နွှဲဖို့အတွက် စက်ရုံနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်ကြသူသန်းချီက ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ အလုပ်ထွက်ပြီး ကိုယ့်ရပ်ရွာကို ပြန်ကြလေ့ရှိပါတယ်။ သူတို့က ဖေဖော်ဝါရီလနှောင်းပိုင်း ဒါမှမဟုတ် မတ်လကျမှ မြို့တွေကို ပြန်တက်လာပြီး အလုပ်သစ်ရှာကြပါတယ်။ ဒါပေမဲ့ အခုနှစ်မှာတော့ နှစ်သစ်ကူးအားလပ်ရက်ပြီးကတည်းက စားသောက်ဆိုင်လုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ ပို့ကုန်ပစ္စည်းစက်ရုံတွေက အလုပ်သမားမခေါ်ကြတော့လို့ အလုပ်ထွက်ပြီး အိမ်ပြန်လေ့ရှိသူ တော်တော်များများ အလုပ်မရှိကြတော့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက တရုတ်နိုင်ငံရဲ့ ဆင်းရဲ၊ ချမ်းသာ ကွာခြားချက်ကို ပိုကြီးမားစေပါတယ်။ ရောင်းချမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေအရ ရွာတွေ၊ မြို့ငယ်လေးတွေနဲ့ ဝင်ငွေနည်းတဲ့မိသားစုတွေရဲ့ ငွေကြေးသုံးစွဲမှု လျော့နည်းသွားပြီး အိမ်ကနေ အလုပ်လုပ်နိုင်သူ၊ စုမိဆောင်းမိရှိသူ စတဲ့ လူချမ်းသာမိသားစုတွေကတော့ ပုံမှန်အတိုင်းနီးပါး ငွေသုံးစွဲနေကြတာ တွေ့ရပါတယ်။ အဲဒီအတွက် မြို့ကြီးတွေရဲ့ ငွေကြေးသုံးစွဲမှုနှုန်းကတော့ အားကောင်းနေဆဲပါပဲ။

အခုနှစ် ဒုတိယ သုံးလပတ်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး ပြန်အားကောင်းလာတာဟာ ကိန်းဂဏန်းအချက်အလက်ပိုင်း မျက်နှာပန်းလှတဲ့ကာလနဲ့ ကြုံကြိုက်နေလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလမှာ ရေနံ၊ ကြေးနီနဲ့ တခြားကုန်ပစ္စည်းတွေ ဈေးနှုန်းကျဆင်းခဲ့လို့ တရုတ်နိုင်ငံရဲ့ သွင်းကုန်အသုံးစရိတ် နည်းပါးခဲ့ပါတယ်။ သွင်းကုန်အသုံးစရိတ်နည်းလို့ ကုန်သွယ်ရေး ပိုလျှံငွေ(trade surplus) များပြားခဲ့ပြီး စီးပွားရေးတိုးတက်လာတယ်လို့ ညွှန်ပြနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာတော့ တရုတ်နိုင်ငံ မှာယူတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေရဲ့တန်ဖိုးတွေ ပြန်မြင့်လာပါပြီ။ အဲဒီအတွက် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ စတဲ့ တတိယ သုံးလပတ် တရုတ်နိုင်ငံရဲ့ စီးပွားရေးရှင်းတမ်းမှာတော့ အခုလိုမျိုး ကုန်သွယ်ရေးပိုလျှံငွေ ရရှိမှာမဟုတ်ပါဘူး။

တရုတ်နိုင်ငံရဲ့ စီးပွားရေးသမား တော်တော်များများကတော့ ဝယ်လိုအားကျဆင်းလာလို့ သူတို့ရဲ့ရောင်းကုန်ပစ္စည်းတွေကို ဈေးလျှော့ရောင်းရမှာ စိုးရိမ်နေကြပါတယ်။ ရှူကျိုးမြို့ရဲ့ ပင်လယ်စာရောင်းချသူတစ်ယောက်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ပုစွန်လုံးတွေကို ၃ ပုံ၊ ၂ ပုံအထိ ဈေးလျှော့ရောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ မွေးမြူရေးသမားတွေက နွေဦးကာလတစ်ခုလုံး ပုစွန်လုံးတွေ မွေးမြူခဲ့ရပေမဲ့ ကန်ဖော်ရမယ့်အချိန်ရောက်မှ ဝယ်လိုအားထိုးကျတဲ့ အခြေအနေရင်ဆိုင်နေရပါတယ်။ ရောင်းကုန်ပစ္စည်းတွေကို ဈေးလျှော့ရောင်းရလို့ ဝင်ငွေနည်းသွားရင် လုပ်ငန်းလုပ်ဖို့ ချေးထားတဲ့ငွေတွေ ပြန်မဆပ်နိုင်မယ့် အခြေအနေမျိုးလည်း ရှိနေပါတယ်။ အဲဒီလိုအချက်တွေကြောင့် စီးပွားရေးပညာရှင်တချို့က တရုတ်နိုင်ငံရဲ့စီးပွားရေးဦးမော့မှုကို သတိကြီးကြီးထားပြီး စောင့်ကြည့်နေကြချိန်မှာ တချို့ကလည်း အခုလိုဟောကိန်းထုတ်ကြပါတယ်။ ဒါကတော့ ၂၀၂၀ ပြည့်နှစ်ထဲမှာ စီးပွားရေး ပြန်ဦးမော့လာမယ့် စီးပွားရေးအင်အားကြီးနိုင်ငံဆိုလို့ တရုတ်တစ်နိုင်ငံပဲ ရှိနိုင်တယ်ဆိုတဲ့ တွက်ကိန်းပါပဲ။

Ref: Bangkok Post & NYTimes ” China’s Economy Rebounds From Virus, but Uncertainty Persists”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top