အသက် ၂၃နှစ်အရွယ် ကလမ် စမစ် ဆိုတဲ့ အမျိုးသားဟာ ခြေထောက်ကိုအသုံးပြုပြီး စတီယာရင်ကို ထိန်းချုပ်မောင်းနှင်တဲ့ ကမ္ဘာ့တစ်ယောက်တည်းသောလက်မပါဘဲ ပြိုင်ကားမောင်းသမားဖြစ်ပါတယ်။ သူဟာ လက်တွေမပါဘဲ မွေးဖွားလာခဲ့ပေမဲ့ ခြေထောက်နဲ့ တစ်နာရီကို မိုင် ၁၁၀ ကျော်နှုန်းအထိ မောင်းနှင်နိုင်သူပါ။
သူက မသန်စွမ်းပြိုင်ကားမောင်းသမားတွေနဲ့သာ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့တစ်ခုတည်းသော ပြိုင်ကားအသင်း Team BRIT နဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။ အခုဆို သူက ကမ္ဘာ့နာမည်အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး ခံနိုင်ရည်စမ်းသပ် ကားမောင်းပြိုင်ပွဲတစ်မျိုးဖြစ်တဲ့ 24 Hours of Le Mans ကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေပါတယ်။
သူက သူ့ခြေထောက်တွေဟာ သူ့လက်တွေလိုပဲ။ ညာခြေထောက်နဲ့ စာရေးတယ်၊သူ ခြေထောက်နဲ့ Xbox ကစားတယ်၊ ဂစ်တာကိုလည်း ခြေထောက်နဲ့ တီးခတ်တယ်၊ ဓားနဲ့ခက်ရင်းသုံးပြီး အစာလည်းကိုယ်တိုင်စားတယ်လို့ ပြောပါတယ်။ ကလမ်က အသက် ၂ နှစ်အရွယ်မှာ အဘိုးဖြစ်သူနဲ့အတူ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေကြည့်ရှုပြီးနောက် ပြိုင်မောင်းရတာကို စတင်စိတ်ဝင်စားခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ပြိုင်ကားမောင်းတဲ့အိပ်မက်က Team BRIT ဆီ ပြိုင်ကားမောင်းရတာစိတ်ဝင်စားတယ်ဆိုတဲ့ အီးမေးလ်တစ်စောင်ပေးပို့ရာကနေ စတင်ခဲ့တာပါ။
၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ပထမဆုံးအကြိမ် ပြိုင်ကွင်းအတွင်း မောင်းနှင်မှု ပြီးမြောက်ခဲ့ပြီး Donington Park မှာ တစ်နာရီ မိုင် ၉၀ နှုန်းအထိ မောင်းနှင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ လမှာ Silverstone Formula One ပြိုင်ပွဲကွင်းမှာ သူ့ရဲ့ ကိုယ်ပိုင် Audi A3 ကားနဲ့ တစ်နာရီ မိုင် ၁၀၀ နှုန်းအထိ မောင်းပြနိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ သူက ပြိုင်ကားမောင်းလိုင်စင်ရရှိဖို့ ကြိုးပမ်းနေပြီး Team BRIT ရဲ့အထူးပြုပြင်ထားတဲ့ BMW 1 Series ကားကို စမ်းသပ်မောင်းနှင်နေပါတယ်။ ခြေထောက်နဲ့ ကားမောင်းနိုင်တဲ့ပြားချပ်တဲ့ ထိန်းချုပ်ခလုတ်ပြားပါဝင်တဲ့စနစ်ကို လေ့ကျင့်နေတာဖြစ်ပါတယ်။ ဘက်ဖက်ခြေထောက်က ကားလမ်းကြောင်းပြောင်းဖို့ စတီယာရင် ထိန်းချုပ်ခလုတ်ပြားကို လှည့်ပေးပြီး ညာဖက်ခြေထောက်က လီဗာနဲ့ ဘရိတ်ကို နှင်းပေးပါတယ်။
ဒါက ခက်ခဲတဲ့အရာတစ်ခုဖြစ်ပြီး မျက်လုံးနဲ့ ခြေထောက်လှုပ်ရှားမှုတွေကို အများကြီးညှိနှိုင်းလုပ်ဆောင်ရပတယ်။ သူ ဒါကို သဘောကျပြီး အောင်မြင်အောင်လုပ်ဆောင်ဖို့ စိတ်ဓာတ်အပြည့်ရှိတယ်။ သမိုင်းတစ်လျှောက် လက်မပါဘဲ ပြိုင်ပွဲဝင်မယ့် ပထမဆုံးပြိုင်ကားမောင်းသမားဖြစ်လာတော့မယ်လို့ ကလမ်က ဆိုထားပါတယ်။
Ref: Armless Racing Driver Hits 110 mph Steering with His Feet–Aims to Make History at Le Mans
WL (ရိုးရာလေး)

