အော်တစ်ဇင် သားဖြစ်သူနေထိုင်ဖို့ ဂေဟာရှာပေးရင်း ဘဝရဲ့နောက်ဆုံးအချိန် ၆လကို ကုန်ဆုံးသွားခဲ့တဲ့ဖခင်

fath.jpg

အသက်ရှင်ဖို့အချိန် ၆ လပဲ ကျန်တော့တဲ့ ဖခင်တစ်ယောက်ဟာ အော်တစ်ဇင် (Autistic) သားဖြစ်သူအတွက် အမြဲတမ်း နေထိုင်ခွင့်ရမယ့် ဂေဟာတစ်ခု ရရှိဖို့ ကြိုးစားရင်း တောင်ကိုရီးယားနိုင်ငံရဲ့ ပျက်စီးယိုယွင်းနေတဲ့ စောင့်ရှောက်မှုစနစ်ကိုပဲ တွန်းလှန်သွားခဲ့ပါတယ်။

သူကတော့ ” ပီတာပန်ရဲ့ဖေဖေ ” (Peter Pan’s Dad) လို့ လူသိများတဲ့ တောင်ကိုရီးယား စာရေးဆရာ ဂျွန်ဂယောင်းချော (Jeon Gyeong-cheol) ပါပဲ။ အသည်းကင်ဆာ နောက်ဆုံးအဆင့် ခံစားခဲ့ရတဲ့ ဂျွန်ဂယောင်းချောဟာ အသက် ၂၇ နှစ်အရွယ် သားဖြစ်သူ ဂျေဝန် (Je-won)ကို တစ်ဦးတည်း ပြုစု စောင့်ရှောက်နေရသူပါ။

သူ ကွယ်လွန်သွားရင် ကလေးတစ်ယောက်ရဲ့ သိမှုမျိုးသာရှိတဲ့ သားဖြစ်သူ ဒုက္ခရောက်မယ့်အရေးကြောင့် ဂျွန်ဂယောင်းချောဟာ သူ့ဘဝရဲ့ လက်ကျန်အချိန် ၆ လလုံးလုံး ဂေဟာတွေကို လိုက်လံစုံစမ်းရင်း အချိန်ကုန်ခဲ့ရပါတယ်။

ဂျွန်ဂယောင်းချော တောင်ကိုရီးယားနိုင်ငံတစ်ဝန်းရှိ စောင့်ရှောက်ရေးဂေဟာပေါင်း ၁,၀၀၀ နီးပါးကို လိုက်လံစုံစမ်း မေးမြန်းခဲ့ပေမဲ့ ဝန်ထမ်းအင်အား မလုံလောက်မှု၊ ကျန်းမာရေးချို့တဲ့တဲ့ အရွယ်ရောက်ပြီးသူတွေကို ပြုစုစောင့်ရှောက်ဖို့ အလွန်ခက်တယ်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ထပ်ဖန်တလဲလဲ ငြင်းဆန်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

ဂျွန်ဟာ သူတို့သားအဖရဲ့ ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းကို အွန်လိုင်းပလက်ဖောင်းပေါ်မှာ ရေးခဲ့သလို “Goodbye, Peter Pan” (နှုတ်ဆက်ပါတယ် ပီတာပန်) ဆိုတဲ့ အက်ဆေးစာအုပ်မှာလည်း ထည့်သွင်းရေးသားခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ ဒီဖြစ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံတဝန်းမှ ပြည်သူတွေကြား ပျံ့နှံ့သွားခဲ့ပြီး ရုပ်သံကဏ္ဍတွေမှာလည်း ဖော်ပြခံခဲ့ရပါတယ်။

သူတို့သားအဖအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၅၉,၀၀၀ ကျော် ရရှိခဲ့သလို ဂျီဝန်ဟာလည်း ချောင်ချွန်းပြည်နယ်မှာရှိတဲ့ ကိုယ့်အားကိုယ်ကိုး အထူးစောင့်ရှောက်ရေးဂေဟာတစ်ခုမှာ အမြဲတမ်း နေထိုင်ခွင့် ရရှိသွားခဲ့ပါတယ်။

ဂျွန်ဟာ သူ့စာအုပ်ကနေ ရရှိလာတဲ့ စာမူခကို သူ့လို အခက်အခဲ ကြုံနေရတဲ့ မိသားစုတွေအတွက် ကူညီပေးဖို့ ရည်ရွယ်ပြီး ဖောင်ဒေးရှင်းတစ်ခု ထူထောင်ဖို့ ရည်ရွယ်လှူဒါန်းသွားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာတော့ ဂျွန် ကွယ်လွန်သွားခဲ့ပြီး မကွယ်လွန်ခင်မှာ သားဖြစ်သူ လုံခြုံစိတ်ချရပြီဆိုတဲ့ အသိကြောင့် စိတ်အေးချမ်းမှုလည်း ရရှိသွားခဲ့ပါတယ်။

Ref: ‘Peter Pan’s dad,’ who raised son with severe autism alone, dies 24 days after ‘You Quiz’ appearance

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top