ကင်ညာနိုင်ငံမှာ စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုဖြစ်တဲ့ ZeroBionic က နားမကြားတဲ့ ကျောင်းသား/သူတွေအတွက် ဆရာရဲ့အသံကို လက်သင်္ကေတပြဘာသာစကားအဖြစ် ဘာသာပြန်ပေးနိုင်တဲ့ စက်ရုပ်လက်တစ်ဖက်ကို တီထွင်ခဲ့ပါတယ်။
ကင်ညာက ကလေးပေါင်း ၃၀၀၀၀၀ လောက်က နားမကြားတာ (သို့) အကြားအာရုံချို့ယွင်းနေကြတာပါ။ အဲ့အထဲကမှ တချို့ကပဲ ကျောင်းတက်နိုင်ကြပါတယ်။ ကင်ညာမှာ စံသတ်မှတ်ထားတဲ့ လက်သင်္ကေတပြဘာသာစကားမရှိတာကြောင့် သင်္ချာနဲ့ သိပ္ပံလို ဘာသာရပ်ဆိုင်ရာသဘောတရားတွေကို သင်ကြားဖို့ ခက်ခဲစေပါတယ်။
အသက် ၂၂ နှစ်အရွယ် နိုရာ ကီမာသီက လက်သင်္ကေတပြဘာသာစကားကို မသိတဲ့ ဆရာ/ဆရာမတွေ နားမကြားတဲ့ကျောင်းသူ/သားတွေကို သင်ကြားစေနိုင်ဖို့ ရည်ရွယ်ပြီးတော့ ZeroBionic ကို တည်ထောင်ခဲ့တာပါ။ စက်ရုပ်လက်ကို ပြန်လည်အသုံးပြုထားတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကနေ 3D စနစ်နဲ့ ပြုလုပ်ထားပြီး ဒေါ်လာ ၃၅၀ နှုန်းနဲ့ ရောင်းချပါတယ်။ ထိန်းသိမ်းပြုပြင်စရာမလိုဘဲ ၃ နှစ်အထိ အသုံးပြုနိုင်ပြီး ZeroBionic က ၇၈ ခုရောင်းချပြီးသွားပါပြီ။
အသံကနေ လက်သင်္ကေတအဖြစ် ပြန်ဆိုတဲ့ တိကျမှုက ၉၂ ရာခိုင်နှုန်းအထိရှိပေမဲ့ စက်ရုပ်လက်ရဲ့စက်ပိုင်းဆိုင်ရာဒီဇိုင်းဖန်တီးတာက လုပ်ငန်းစဉ်ရဲ့တစ်ဝက်ခန့်သာရှိတယ်လို့ နိုရာ ကီမာသီက ပြောပါတယ်။ ZeroBionic အဖွဲ့အနေနဲ့ စကားပြောသံတွေကို လက်သင်္ကေတပြဘာသာစကားအဖြစ် ပြောင်းလဲပေးမယ့် အချက်အလက်တွေကို ထည့်သွင်းသတ်မှတ်တဲ့အခါမှာ အသုံးပြုနိုင်မယ့် ကင်ညာ (သို့) အာဖရိကဆိုင်ရာစံသတ်မှတ်ထားတဲ့ လက်သင်္ကေတပြဘာသာစကားအချက်အလက်စုစည်းမှု (dataset) တစ်ခုမျှမရှိတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် နားမကြားတဲ့ဆရာတွေနဲ့ လက်သင်္ကေတပြဘာသာစကားကျွမ်းကျင်သူတွေရဲ့အကူအညီကို ရယူခဲ့ကြပြီး ပြည်ပမှ တင်သွင်းထားတဲ့ လျှပ်စစ်အာရုံခံကိရိယာတွေ တပ်ဆင်ထားတဲ့ ဝတ်စုံကို အသုံးပြုကာ လက်သင်္ကေတပြဘာသာစကားနဲ့ ပြောဆိုဆက်သွယ်မှုဆိုင်ရာလှုပ်ရှားမှုပုံစံတွေကို မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။
Ref: Kenyan Startup Makes Robotic Hands That Translate Teacher’s Voice into Signs for Deaf Students
WL (ရိုးရာလေး)

