၂၀၂၆ ခုနှစ် အာရှအားကစားပြိုင်ပွဲ၏ PUBG MOBILE Esports ပြိုင်ပွဲတွင် Team Zanaka မှ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည်

zana.webp

ဂျပန်နိုင်ငံ Aichi-Nagoya မြို့၌ ကျင်းပပြုလုပ်သွားမည့် ၂၀၂၆ ခုနှစ် အာရှအားကစားပြိုင်ပွဲ၏ PUBG MOBILE Esports ပွဲစဉ်များကို စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Team Zanaka မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြု PUBG MOBILE Esports အသင်းအဖြစ် သွားရောက်ယှဉ်ပြိုင်မည့် Team Zanaka သည် အာရှနိုင်ငံများမှ အသင်းပေါင်း ၂၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တရားဝင် PUBG MOBILE Asian Games Qualifiers တွင် ထိပ်ဆုံး ၈ သင်းစာရင်းဝင်ခဲ့ကာ ၂၀၂၆ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် Team Zanaka အနေဖြင့် အိမ်ရှင် ဂျပန်နိုင်ငံအပါအဝင် တောင်ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဆော်ဒီအာရေဗျ၊ အီရန် စသည့်နိုင်ငံများမှ လက်ရွေးစင်အသင်းများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

PUBG MOBILE ၏ Country Manager ဖြစ်သူ Aman Kumar က “မြန်မာနိုင်ငံက လူငယ် Esports ကစားသမားတွေအနေနဲ့ အခုလို နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေးတွေ ပိုမိုရရှိလာတာကို မြင်တွေ့ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် Team Zanaka အတွက် အမှတ်တရဖြစ်စေမဲ့ အတွေ့အကြုံကောင်းတစ်ခုဖြစ်မယ်လို့လဲ ယုံကြည်ပါတယ်။ Team Zanaka အနေနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ပြီး အောင်မြင်မှုတွေရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေအနေနဲ့လဲ Team Zanaka ကို အားပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ Team Zanaka အနေနဲ့ ဂျပန်နိုင်ငံမှာ ကျင်းပမဲ့ အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အရမ်းရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ အာရှတိုက်ရဲ့ အကောင်းဆုံး ၁၂ နိုင်ငံက လက်ရွေးစင်အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် စိန်ခေါ်မှုကြီးမားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ အသင်းသားတွေအနေနဲ့လဲ အကောင်းဆုံးရလဒ်တွေ ရရှိနိုင်ဖို့ အစွမ်းကုန်ကြိုးစားပြီး ပြင်ဆင်ထားကြပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဂုဏ်ယူစွာနဲ့ အကောင်းဆုံးယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ပရိသတ်တွေအနေနဲ့လဲ Team Zanaka ကို ဆက်လက်ဝိုင်းဝန်းအားပေးကြဖို့ မျှော်လင့်ပါတယ်” ဟု Team Zanaka ၏ National Team Manager ဖြစ်သူ ကိုဝေယံမျိုးမြတ်က ပြောကြားခဲ့သည်။

အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ ဂျပန်နိုင်ငံ Aichi-Nagoya မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး PUBG MOBILE Esports ပြိုင်ပွဲများကိုမူ စက်တင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ရက်နေ့တို့တွင် အသီးသီး ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Team Zanaka ၏ ၂၀၂၆ခုနှစ် အာရှအားကစားပြိုင်ပွဲ ခရီးစဉ်သည် မြန်မာနိုင်ငံမှ PUBG MOBILE ကစားသမားများနှင့် အသင်းများအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လာနိုင်သည့် တိုးတက်မှုကို ထင်ဟပ်ပြသနေသည်။ PUBG MOBILE အနေဖြင့်လဲ မြန်မာ့ Esports အသိုက်အဝန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အချင်းရှိသည့် ကစားသမားများအတွက် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top