အသက် ၈၁ နှစ်အရွယ် အဘိုးအို ဒွန်ဂျွန်ဆင်ဟာ ကင်ဆာရောဂါ ခံစားနေရတဲ့ ဇနီးသည်ရဲ့ ဆေးဖိုးရဖို့အတွက် ပျောက်ဆုံးခရီးဆောင်အိတ်တွေကို လိုက်လံပို့ဆောင်ပေးရင်း ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသူပါ။
အမေရိကန်နိုင်ငံ ဒဲလက်စ်ဖို့တ်ဝါ့သ်(Dallas-Fort Worth)ဒေသမှာ ခရီးဆောင်အိတ်တွေ လိုက်ပို့နေတုန်း လှေကားထစ်မှာ ခရီးဆောင်အိတ်တွေ မနိုင်မနင်း မတင်နေတဲ့ အဘိုးအို ဒွန်ဂျွန်ဆင်ကို အမျိုးသမီးတစ်ဦးက သတိထားမိသွားတာပါ။
အဲဒီအမျိုးသမီးက ဒွန်ဂျွန်ဆင်ကို ဝိုင်းကူပေးရင်း စကားစမြည်ပြောတဲ့အခါ သူ့ရဲ့အခက်အခဲတွေကို သိသွားခဲ့တာပါ။ ပျောက်ဆုံးခရီးဆောင်အိတ်တွေကို ပိုင်ရှင်တွေထံ လိုက်လံပို့ဆောင်ပေးဖို့ လုပ်ကိုင်နေရတဲ့ ဒွန်ဂျွန်ဆင်ဟာ မိုင်ရာချီခရီးနှင်ရတာမျိုးရှိပြီး တခါတရံမှာလည်း တနေ့ကို ၁၄ နာရီကြာ အလုပ်လုပ်ရတတ်ပါတယ်။

သူ့အသက်အရွယ်အရ ဒီလို ပင်ပင်ပန်းပန်း မလုပ်သင့်ပေမဲ့ ကင်ဆာရောဂါဖြစ်နေတဲ့ ဇနီးသည်ရဲ့ ဆေးကုသစရိတ်၊ ကြီးမြင့်လာတဲ့ နေထိုင်မှုစရိတ်တွေကြောင့် အခုလို ငွေရှာနေရတာပါ။ အခြားအလုပ် ရှာကြည့်ပေမဲ့ အဆင်မပြေတာကြောင့် ဒီအလုပ်ကိုပဲ ဆက်လုပ်နေရတာ ဖြစ်ပါတယ်။
ဒီအကြောင်း သိသွားချိန်မှာ အမျိုးသမီးက “Help Don Retire” (ဒွန် အနားယူနိုင်အောင် ကူညီပေးပါ) ဆိုတဲ့ TikTok အကောင့်နဲ့ GoFundMe ရန်ပုံငွေရှာဖွေရေးအကောင့် ဖွင့်လှစ်ခဲ့ပြီး ဒွန်ဂျွန်ဆင်ရဲ့အကြောင်းကို လူမှုကွန်ရက်ပေါ် ဝေမျှခဲ့ပါတယ်။
အခုအခါမှာတော့ အဲဒီရန်ပုံငွေရှာဖွေမှုမှတစ်ဆင့် အလှူငွေဒေါ်လာ ၇ သိန်းကျော် ရရှိထားပြီး ဒွန်ဂျွန်ဆင်လည်း အလုပ်ကနေ အနားယူခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
ဒွန်ဂျွန်ဆင်နဲ့ ဇနီးသည် ဂျိုးဆက်ဖင်းတို့ဟာ အိမ်ထောင်သက်တမ်း ၅၇ နှစ်ရှိပြီး အခက်အခဲတွေ ကြုံရချိန်မှာ မိသားစုရှေ့ကနေ မားမားမတ်မတ် ရင်ဆိုင်ပေးတဲ့ ဒွန်ဂျွန်ဆင်ဟာ ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ဦးဖြစ်တယ်လို့ ဂျိုးဆက်ဖင်းက ဆိုပါတယ်။
Ref: Strangers Step Up to Help 81-Year-Old Man Working 14-Hour Days Delivering Heavy Luggage to Help Pay for His Wife’s Cancer Treatment
NZ (ရိုးရာလေး)

