သြစတြေးလျနိုင်ငံသားတစ်ဦးဟာ ATM စက် စနစ်ချို့ယွင်းမှုကို အခွင့်ကောင်းယူပြီး ၄ လအတွင်း ဒေါ်လာ ၁.၆ သန်းကျော် သုံးဖြုန်းပစ်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒန်ဆောင်းဒါးစ်ဟာ ၂၀၁၁ ခုနှစ်အစောပိုင်းက ဝိတိုရိယပြည်နယ်၊ ဝမ်ဂါရတ်တာမြို့မှ ဘားတစ်ခုမှာ သူငယ်ချင်းတွေနဲ့အတူ သောက်စားရင်း National Australia Bank ရဲ့ ATM စက် စနစ်ချို့ယွင်းချက်တစ်ခုကို မတော်တဆ တွေ့ရှိခဲ့တာပါ။
သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ ၃ ဒေါ်လာပဲ ရှိပေမဲ့ ရလိုရငြား သဘောမျိုးနဲ့ ATM စက်ကနေ ဒေါ်လာ ၁၀၀ ငွေထုတ်ကြည့်ရင်း ဒီဟာကွက်ကို သတိပြုမိခဲ့တာပါ။ ATM စက်မှာ ငွေလွှဲမှု မအောင်မြင်ဘူး(error message) ပြနေပေမဲ့ ငွေ ထွက်လာတာ ဖြစ်ပါတယ်။ ညဘက် ဘဏ်စနစ်ပြုပြင်ထိန်းသိမ်းလို့ ၁ နာရီကြာ လိုင်းကျနေချိန်အတွင်း အကောင့်ထဲမှာ ငွေ မရှိဘဲ ATM စက်ကနေ ငွေထုတ်လို့ရတယ်ဆိုတာကို သူ တွေ့ရှိခဲ့တာပါ။
ဘားက အပြန်မှာ ဆောင်းဒါးစ်က သူ့ရဲ့တွေ့ရှိမှု သေချာလားဆိုတာ သိရအောင် ထပ်မံစမ်းသပ်ခဲ့ပါတယ်။ နောက် ၄ လအတွင်းမှာတော့ ဆောင်းဒါးစ်ဟာ ငွေကို ရေလိုသုံးခဲ့ပြီး ကိုယ်ပိုင် ဂျက်လေယာဉ်စီးကာ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ တည်းခို၊ ဇိမ်ခံ စားသောက်ဆိုင်ကြီးတွေမှာ စားသောက်၊ လောင်းကစားလုပ်ရင်း ဒေါ်လာ ၁.၆ သန်းအထိ သုံးဖြုန်းပစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ စိတ်မလုံမခြုံ ဖြစ်လာပြီး အပြစ်ရှိတယ်လို့ ခံစားရတဲ့စိတ်ကြောင့် ‘A Current Affair’ အစီအစဉ်မှာ ဒီအကြောင်းကို ထုတ်ဖော်ဝန်ခံခဲ့ပြီး နောက်ဆုံးမှာတော့ လိမ်လည်မှု၊ ခိုးမှုတို့နဲ့ ဆက်စပ်တဲ့ ပြစ်မှုပေါင်း ၁၁၁ ခုနဲ့ တရားစွဲ ခံခဲ့ရပါတယ်။
သူဟာ ထောင်ဒဏ် ၁ နှစ်၊ ဒဏ်ငွေ ဒေါ်လာ ၂ သိန်းခွဲ ပေးဆောင်ဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းမှာတော့ ဒန်ဆောင်းဒါးစ်က သူ့အကြောင်းကို True Crime Central ဆိုတဲ့ YouTube Channel ကနေ ထုတ်ပြောခဲ့တာပါ။
Ref: Aussie who discovered ATM glitch that gave him $1.6m in free cash tells all in new YouTube series
NZ (ရိုးရာလေး)

