ထူးချွန်ဝန်ထမ်းတချို့ကို BMW ကားတွေလက်ဆောင်ပေးခဲ့တဲ့ တရုတ်ဟော့ပေါ့ပ်ဆိုင်ပိုင်ရှင်

give.jpg

တရုတ်နိုင်ငံက ဟော့ပေါ့ပ်ဆိုင်ပိုင်ရှင်တစ်ဦးဟာ သူ့ရဲ့ထူးချွန်ဝန်ထမ်းတချို့ကို နေ့စဉ်အလုပ်သွားအလုပ်ပြန်ခရီးမှာ ကြုံတွေ့ရတဲ့ ဆိုးရွားတဲ့ရာသီဥတုဒဏ်ကနေ ကာကွယ်ပေးလိုတဲ့အတွက် အသစ်စက်စက်BMW ကားတွေကို လက်ဆောင်ပေးခဲ့ရာမှ လူမှုကွန်ယက်ပေါ်မှာ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

သူကတော့ တရုတ်နိုင်ငံအလယ်ပိုင်းဟီနန်ပြည်နယ်၊ ကျောင်းဇိုမြို့က အမဲသားဟော့ပေါ့ပ်ဆိုင်ပိုင်ရှင် မာယန်လီဆိုတဲ့ သူဌေးမပါ။ သူ့ရဲ့ဝန်ထမ်းတွေ လျှပ်စစ်စကူတာတွေနဲ့ အလုပ်သွားလာနေတာကို မာယန်လီက သတိပြုမိခဲ့တာပါ။ အေးတဲ့ရာသီဥတု၊ မိုးသည်းတဲ့ရာသီဉတု၊ လေထန်တဲ့ရာသီဥတုအခြေအနေအတွင်း ဝန်ထမ်းတွေအနေနဲ့ ဒုက္ခတွေခံစားနေရတာကို သူ မခံစားနိုင်ဖြစ်ခဲ့ပါတယ်။

သူဟာ စက်တင်ဘာ ၂၄ ရက်နေ့က ထူးချွန်ဝန်ထမ်းအဖွဲ့ကို အစည်းအဝေးလုပ်စရာရှိတယ်ဆိုပြီး BMW ကားအရောင်းပြခန်းဆီ ခေါ်သွားခဲ့ပါတယ်။ သူတို့ ကားအသစ်စက်စက်လက်ဆောင်ရမယ်ဆိုတာကို သိသွားတော့ တအံ့တဩဖြစ်သွားခဲ့ရပါတယ်။ BMW ကားတစ်စီးက ယွမ် ၃၀၀၀၀၀ ဝန်းကျင်တန်ဖိုးရှိပါတယ်။ အဲ့ဒီကားတွေကို မာယန်လီက နှစ်ပတ်အလိုကတည်းက ငွေအပြည့်ပေးချေဝယ်ယူထားခဲ့တာဖြစ်ပြီး ရွေးချယ်ခံရတဲ့ထူးချွန်ဝန်ထမ်းတွေအနေနဲ့ ကားအသစ်စက်စက်ကို လက်ဆောင်ရရှိခဲ့ပါတယ်။

“ကျွန်မ အရမ်းကို စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်။ ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ အရင်က မတွေးမိခဲ့ဘူး။ BMW အရောင်းပြခန်းကို သွားတဲ့လမ်းမှာ သူဌေးမာက ကျွန်မကို အရုပ်ကြီးတစ်ရုပ်လက်ဆောင်ပေးမယ်လို့ပဲ ပြောခဲ့တာပါ”လို့ ကားလက်ဆောင်ကံထူးသွားတဲ့ဝန်ထမ်းတွေထဲက တစ်ယောက်ဖြစ်တဲ့ လီကျီက ပြောပါတယ်။

ဝန်ထမ်းတစ်ဦးက အေးစက်တဲ့ရာသီဥတုမှာ သွားလာပြီးနောက် မျက်နှာမှာနီရဲနေတာကို မာယန်လီမြင်တွေ့ခဲ့ပြီးနောက် သူ အတော်လေးစိတ်မကောင်းဖြစ်ခဲ့ရတာပါ။ သူအနေနဲ့ သက်တောင့်သက်သာသွားလာနိုင်ခွင့်ရှိပြီး ဝန်ထမ်းတွေကတော့ အဲ့ဒီလိုအခြေအနေတွေကို ဘာလို့ခံစားနေကြရတာလဲလို့ မေးခွန်းထုတ်မိခဲ့ပါတယ်။

သူ့စီးပွားရေးက သူ့ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုကြောင့် တိုးတက်ကြီးပွားလာခဲ့တာလို့ မာယန်လီက ယုံကြည်ထားတာပါ။ ဒါကြောင့် ဝန်ထမ်းတွေက အောင်မြင်မှုကို မျှဝေခံစားရသင့်တယ်လို့ သူက ဆိုထားပါတယ်။

Ref: Chinese Businessman Gifts BMWs To Top Employees To Shield Them From Harsh Weather

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top