အလင်းရောင် အသုံးပြုပြီး အာရုံကြောဆဲလ်တွေကို ထိန်းချုပ်နိုင်တဲ့ Optogenetics နည်းပညာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြတဲ့ သိပ္ပံပညာရှင် ၃ ဦးဟာ ၂၀၂၆ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆု ဆွတ်ခူးခဲ့ပါတယ်။
ကားလ်ဒိုက်ဇရော့သ် (Karl Deisseroth)၊ ပီတာဟေဂေမန်း (Peter Hegemann) နဲ့ ဂျော့ဂ်နာဂယ် (Georg Nagel) တို့က Optogenetics နည်းပညာကို ပူးပေါင်းရှာဖွေနိုင်ခဲ့ကြတာပါ။
ဟေဂေမန်းက ဆဲလ်တစ်လုံးတည်းရှိတဲ့ ရေညှိလေးတွေ(Chlamydomonas) အလင်းရောင်ကို ဘယ်လိုတုံ့ပြန်လဲဆိုတာ လေ့လာနေခဲ့တာပါ။ နောက်ပိုင်းမှာ သူက နာဂယ်နဲ့ ပူးပေါင်းပြီး “Channelrhodopsin” လို့ခေါ်တဲ့ အလင်းဒဏ်ခံပရိုတင်းတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီပရိုတင်းဟာ အလင်းရောင်နဲ့ ထိတွေ့တဲ့အခါ ဆဲလ်ထဲက လမ်းကြောင်းတစ်ခုကို ပွင့်သွားစေပါတယ်။ အဲဒီနောက်မှာတော့ ဒိုက်ဇရော့သ်က အဲဒီပရိုတင်းထုတ်လုပ်ပေးတဲ့ မျိုးဗီဇ (Gene) ကို အာရုံကြောဆဲလ်တွေထဲ ထည့်သွင်းပေးလိုက်ပြီး အလင်းရောင်သုံးကာ အာရုံကြောအချက်ပြစနစ်တွေကို လှုံ့ဆော်နိုင်ကြောင်း သက်သေပြခဲ့တာပါ။
သုတေသီတွေဟာ ဒီနည်းလမ်းကို အသက်ရှိတဲ့ဦးနှောက်တွေထဲမှာ အသုံးပြုနိုင်အောင် ဆက်လက်မွမ်းမံခဲ့ကြပြီး အာရုံကြောကွန်ရက်တွေကို အသေးစိတ် တိတိကျကျ လေ့လာနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖန်တီးနိုင်ခဲ့ကြပါတယ်။
ဒီနည်းပညာကြောင့် သိပ္ပံပညာရှင်တွေဟာ မှတ်ဉာဏ်၊ စိတ်ခံစားမှု၊ လှုပ်ရှားမှုနဲ့ အပြုအမူတွေမှာ ပါဝင်နေတဲ့ ဦးနှောက်အာရုံကြောစနစ်ကို ပိုမိုလေ့လာနိုင်ခဲ့ကြသလို ပါကင်ဆန်ရောဂါ (Parkinson’s)၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း(Schizophrenia) နဲ့ စိတ်ဓာတ်ကျရောဂါ (Depression) တွေကိုပါ ပိုမိုနားလည်လာကြပါတယ်။ ဒါတင်မကသေးဘဲ မျက်စိကွယ်နေသူတွေကို အမြင်အာရုံပြန်ရစေမယ့် ကုထုံးတွေအပါအဝင် ဆေးပညာပိုင်းဆိုင်ရာ အသုံးချမှုတွေကိုပါ ဆက်လက်သုတေသနပြုနေကြပါတယ်။
ဦးနှောက်ထဲက ဆဲလ်တစ်ခုချင်းစီကို အလင်းရောင်ပြပြီး အဖွင့်အပိတ် လုပ်နိုင်တယ်လို့ ပြောရင် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလို့ ထင်ကြမှာပါ။ အခုချိန်မှာတော့ ဒါဟာ လက်တွေ့ဘဝထဲမှာ အာရုံကြောသိပ္ပံပညာရပ်ရဲ့ အဓိကလက်နက်တစ်ခု ဖြစ်လာခဲ့ပါပြီ။
Ref: Why the Nobel Prize in Medicine 2026 matters: optogenetics controls brain cells with light restoring partial sight to a blind patient.
NZ (ရိုးရာလေး)

