ငှက်ပျောခိုင်နဲ့ လူငယ်လေး

16.7.23-yyl-3.jpg

ငှက်ပျောခိုင်ကြီး သယ်လာတဲ့ လူငယ်လေးကို တွေ့တော့ ပိန်လှီဖျော့တော့နေတဲ့ အဘိုးကြီးက ” အဘိုး အရမ်းဗိုက်ဆာနေလို့ ငှက်ပျောသီး နည်းနည်းလောက် ရနိုင်မလားကွယ်”လို့ မေးလိုက်တယ်။
လူငယ်လေးက ငှက်ပျောခိုင်ကို ချပြီး ငှက်ပျောသီး ၃ လုံး ဖြုတ်ပေးလိုက်တယ်။ ဒါပေမဲ့ အဘိုးကြီးက ဝမ်းသာအားရမရှိဘဲ မျက်မှောင်ကြုပ် ကြည့်ပြီး ” မှည့်မှ မမှည့်သေးတာ၊ ငါက ဘယ်လို စားရမှာလဲကွ”လို့ ပြောလိုက်တယ်။

လူငယ်လေးလည်း အားနာသွားပြီး ” အိမ်မှာတော့ ငှက်ပျောသီးမှည့်တွေ ရှိပါတယ် အဘ။ ကျွန်တော် သွားယူလိုက်ပါ့မယ်။ ခဏစောင့်နေပေးပါ”လို့ ဆိုတယ်။
” အေး ဒါဆိုလည်း မြန်မြန်သွားယူချေကွာ”
ခဏကြာတော့ ငှက်ပျောသီးမှည့် ၃ လုံးယူပြီး လူငယ်လေး ပြန်ရောက်လာတယ်။ ငှက်ပျောသီးမှည့် ၃ လုံး ရတော့လည်း အဘိုးကြီးမျက်နှာက သုန်မှုန်နေတုန်းပဲ။

” ဖြစ်ပုံများကွာ။ အမှည့်လွန်နေတာတွေကို ငါ ဘယ်လို စားမှာလဲကွ။ သက်ကြီးရွယ်အိုတွေက အမှည့်လွန်တာတွေနဲ့ မတည့်ဘူးဆိုတာ မင်း သိသင့်တာပေါ့”
” အဆင်ပြေအောင် မလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်ရပါတယ် အဘ။ အဘ ကျေနပ်အောင် ကျွန်တော် ဘာလုပ်ပေးရမလဲ” လို့ လူငယ်လေးက စိတ်ရှုပ်စွာ မေးလိုက်တယ်။

” စောနက ငှက်ပျောသီး အစိမ်းတွေပဲ ယူခဲ့တော့ကွာ။ မြန်မြန်လုပ်။ ငါ့ခြေထောက်တွေ နာနေပြီ”လို့ အဘိုးကြီးက လေသံမာမာ ပြောလိုက်တယ်။
မိနစ်ပိုင်းအတွင်း လူငယ်လေး ပြန်ရောက်လာပေမဲ့ အဘိုးကြီးကတော့ ဒေါပွနေတယ်။ ” မင်း တော်တော်နှေးတာပဲကွ။ ငါ အဆာလွန်သွားပြီ။ မစားတော့ဘူး။ မင်း ငှက်ပျောသီးတွေ ပြန်ယူသွားတော့”လို့ ပြောလိုက်တယ်။ လူငယ်လေးလည်း စိတ်ပျက်သွားတယ်။

ဒါပေမဲ့ အဘိုးကြီး မျက်နှာက ပြုံးယောင်သန်းလာပြီး သူ ဆက်ပြောတဲ့ စကားတွေကြားမှ လူငယ်လေးလည်း အံ့အားသင့်သွားတယ်။
” ဘဝရဲ့ အဖိုးတန်ဆုံးသင်ခန်းစာတွေကို သင်ပေးရုံနဲ့ မတတ်ဘူး လူလေး။ ကိုယ်တိုင်ကြုံဖူးမှ နားလည်တာ။ မင်းက အဘအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ ငှက်ပျောသီးတွေကိုချည်း ပေးခဲ့တာပါ။ ဒါပေမဲ့ ငါ့စိတ်က မကျေနပ်နိုင်ဘူးလေ။ ဘဝမှာ လူတွေရဲ့ လိုဘမပြည့်မှုကြောင့် မင်းကိုယ်မင်း ငါ ဘာမှ လုပ်နိုင်စွမ်းမရှိပါလားလို့ ထင်ရတဲ့ အခိုက်အတန့်တွေ ကြုံရနိုင်တယ်။ ဒါပေမဲ့ မင်း ဘယ်လောက်ပဲ ကြိုးစားသည်ဖြစ်စေ လူတိုင်းကို ကျေနပ်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာတော့ သိထားဖို့လိုမယ်။ မင်းရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ စိတ်ကို ပျက်ပြားစေပြီး ကိုယ့်ရည်မှန်းချက်၊ ပန်းတိုင်ဆီသွားဖို့ သတ္တိကိုပါ ပျောက်ရှသွားစေနိုင်တယ်။ မင်းက လူတွေ နင်းလျှောက်လို့ရအောင် ခန္ဓာကိုယ်ကို တံတားတစ်စင်းလို မြေပေါ်ခင်းပေးထားရင်တောင် ညီညီညာညာ မရှိလိုက်တာကွာလို့ စောဒက တက်ကြဦးမှာပဲ။ ဒါကြောင့် လူတွေ ကျေနပ်ဖို့ ကိုယ့်ဘဝကို အစတေးမခံပါနဲ့။ ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ နေထိုင်ပြီး ကိုယ်မှန်မယ်ထင်တာပဲ လုပ်ပါ”

Ref: Chima_Dickson

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top