တွစ်တာပေါ်မှာ နိုင်ငံရေးကြော်ငြာတွေကို ပိတ်ပင်

yyl-005.jpg

တွစ်တာပေါ်မှာ နိုင်ငံရေးကြော်ငြာတွေကို ပိတ်ပင်သွားမယ်လို့ တွစ်တာကုမ္ပဏီအမှုဆောင်ချုပ် ဂျက်ဒေါ်ဆေးက ကြေညာခဲ့ပါတယ်။ တွစ်တာကုမ္ပဏီဟာ ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံရေးကြော်ငြာတွေကနေ အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး ရခဲ့တယ်လို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တွစ်တာကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲ နက်ဒ်ဆီးဂဲက ဖော်ပြခဲ့ပါတယ်။

” တွစ်တာပေါ်မှာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးကြော်ငြာအားလုံးကို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးသတင်းစကားတွေ အကျယ်တဝင့် ဖော်ပြပေးမှုကနေ ငွေရှာသင့်ပေမဲ့ ငွေနဲ့ဝယ်ခံရတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ ဂျက်ဒေါ်ဆေးက ပြောပါတယ်။ ဂျက်ဒေါ်ဆေးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ အဖွဲ့တွေကြားမှာ သဘောထားကွဲလွဲခဲ့ကြပါတယ်။ ”သမ္မတဒေါ်နယ်ထရမ့်နဲ့ ကွန်ဆာဗေးတစ်တွေကို အသံတိတ်အောင်လုပ်တဲ့ ကြိုးပမ်းမှုပါ။ ဘာကြောင့်လဲဆိုတော့ သမ္မတဒေါ်နယ်ထရမ့်ဆီမှာ နည်းပညာအမြင့်မားဆုံး အွန်လိုင်းအစီအစဉ်တစ်ရပ် ရှိတယ်ဆိုတာကို တွစ်တာက သိထားလို့ပါပဲ”လို့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့မန်နေဂျာ ဘရက်ဒ်ပါစကယ်က ပြောပါတယ်။

ဒီမိုကရက်တစ် ကိုယ်စားလှယ်ဖြစ်ဖို့ ရေပန်းစားနေတဲ့ ဂျိုးဘိုင်ဒင်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ မန်နေဂျာကတော့ ဂျက်ဒေါ်ဆေးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဖေ့ဘွတ်ခ်ကုမ္ပဏီ တည်ထောင်သူ မက်ခ်ဇူကာဘတ်က နိုင်ငံရေးကြော်ငြာတွေကို ပိတ်ပင်မှာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ လာမယ့်နှစ်မှာ နိုင်ငံရေးကြော်ငြာတွေကနေ ရရှိမယ့်ဝင်ငွေက စုစုပေါင်းဝင်ငွေရဲ့ ဝ.၅ ရာခိုင်နှုန်းအောက်ပဲရှိတယ်လို့ မက်ခ်ဇူကာဘတ်က ပြောပါတယ်။ ”ဒီမိုကရေစီစနစ်မှာ ပုဂ္ဂလိကကုမ္ပဏီတွေက နိုင်ငံရေးသမားတွေနဲ့ သတင်းတွေကို ဆင်ဆာဖြတ်တာ မှန်ကန်တဲ့လုပ်ရပ်လို့ ကျွန်တော် မထင်ပါဘူး”လို့ မက်ခ်ဇူကာဘတ်က ဆိုပါတယ်။

တွစ်တာကုမ္ပဏီဟာ သူတို့ရဲ့ မူဝါဒကို နိုဝင်ဘာလ ၁၅ ရက်မှာ အသေးစိတ်ထုတ်ပြန်ကြေညာမှာဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်ကစပြီး ပိတ်ပင်မှုစတင်အကျုံးဝင်မယ်လို့ ဆိုပါတယ်။

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top