ကျန်းချီဝူ (Kenji Wu) ဆိုတဲ့ အသက် ၄၆ နှစ်အရွယ် ထိုင်ဝမ်အဆိုတော်ဟာ အမျိုးသားတစ်ဦးကို ပျောက်ဆုံးနေတဲ့သားဖြစ်သူရှာဖွေရာမှာ ကူညီဖို့ ပင့်ကူလူသားဝတ်စုံ ဝတ်ဆင်ခဲ့သလို သတင်းအချက်အလက် ပိုမိုပျံ့နှံ့စေဖို့သူ့ရဲ့ဖျော်ဖြေပွဲကို ဖိတ်ကြားခဲ့ပါတယ်။
အဆိုတော်ကို တရုတ်နိုင်ငံ၊ ရှီအန် (Xi’an) မြို့ရှိ anime (အန်နီမေး) ပြပွဲတစ်ခုအပြင်ဘက်မှာ ပင့်ကူလူသားဝတ်စုံနဲ့ဖြတ်သန်းသွားလာသူတွေကို လက်ကမ်းစာစောင်တွေဖြန့်ဝေနေတာကို တွေ့ရှိခဲ့ရပါတယ်။

အဲ့ဒီလိုလုပ်ဆောင်ရတာက သားဖြစ်သူကို ၁၈ နှစ်တိုင်တိုင် ရှာဖွေနေခဲ့တဲ့ ဖခင်တစ်ဦးဖြစ်တဲ့ ဝူရှင်းဟူ (Wu Xinghu) ကို ကူညီပံ့ပိုးလိုတာကြောင့်ဖြစ်ပါတယ်။ သူတို့နှစ်ဦးသားက လူအများရဲ့အာရုံစိုက်မှုကို ရရှိစေဖို့နဲ့ ပိုမိုကျယ်ပြန့်စွာ သိရှိစေဖို့အတွက် ပင့်ကူလူသားဝတ်စုံဝတ်ကာ လမ်းပေါ်တွေမှာ ပျောက်ဆုံးနေသူရှာဖွေရေး လက်ကမ်းစာစောင် ၁,၀၀၀ ကျော်ကို အတူတကွ ဖြန့်ဝေခဲ့ကြပါတယ်။
သတင်းဖော်ပြချက်တွေအရ ကျန်းချီဝူက သားဖြစ်သူ ဝူကျားချိန် (Wu Jiacheng) ကို ဖခင်ဖြစ်သူ ကြာရှည်စွာ ရှာဖွေနေပုံကို ဖော်ပြထားတဲ့ ” I Want to Find You ” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုပြီးနောက် ရှင်းဟူအကြောင်းကို သိရှိခဲ့ရတာပါ။ အဲ့ဒီကောင်လေးက အသက် ၁၃ လသာ ရှိသေးစဉ် လူမှောင်ခိုကူးတယ်လို့ သံသယရှိသူတွေက နေအိမ်ကနေ ပြန်ပေးဆွဲခဲ့ကြတာပါ။

ပင့်ကူလူသားက ငယ်စဉ်တုန်းက ကျားချိန်အကြိုက်ဆုံး ဇာတ်ကောင်ဖြစ်ခဲ့တာကြောင့် ဖခင်ဖြစ်သူက အသက် ၁၉ နှစ်ဝန်းကျင် ရှိလောက်ပြီဖြစ်တဲ့သားဖြစ်သူကို တွေ့ရဖို့မျှော်လင့်ချက်နဲ့ စူပါဟီးရိုးဝတ်စုံဝတ်ဆင်ကာ တရုတ်နိုင်ငံတစ်ဝန်း နှစ်ပေါင်းများစွာ ခရီးနှင်ခဲ့တာပါ။
အဆိုတော် ကျန်းချီဝူက ပျောက်ဆုံးနေတဲ့သားဖြစ်သူအကြောင်း သတင်းစကား ပိုမိုပျံ့နှံ့စေဖို့ ကူညီတဲ့အနေနဲ့ သူ့ရဲ့ဖျော်ဖြေပွဲတစ်ခုဆီ ဖိတ်ကြားခဲ့ပါတယ်။ ကျန်းချီဝူရဲ့ကြင်နာတတ်တဲ့လုပ်ရပ်က ဖျော်ဖြေပွဲလာ ပရိသတ်များစွာရဲ့ ရင်ကို ထိရှစေခဲ့ပြီး ပရိသတ်အများအပြားလည်း လက်ကမ်းစာစောင်တွေကို ပိုမိုယူဆောင်ကာ သတင်းစကား ဖြန့်ဝေရာတွင် ကူညီပေးဖို့ ရှေ့ထွက်လာခဲ့ကြတယ်လို့ သိရပါတယ်။
Ref: Kenji Wu Dresses As Spider-Man To Help Man Find Long-Lost Son, Invites Him To His Concert To Raise Awareness
WL (ရိုးရာလေး)

