ကီရာလာပြည်နယ်မှ တံငါရွာလေးမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ အိန္ဒိယနိုင်ငံသမိုင်းမှာ ကမ်းလွန်ငါးဖမ်းလိုင်စင်ရ ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။
ရေးခါ(Rekha) ရဲ့ ခင်ပွန်းဖြစ်သူ ကာသီကေယန် (Karthikeyan)က ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းသူပါ။ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူရဲ့ လှေလုပ်သား ၂ ယောက် အလုပ်ထွက်သွားပြီး သူတို့မှာလည်း အလုပ်သမားသစ်ခေါ်ဖို့ ပိုက်ဆံ မရှိပါဘူး။ အလုပ်သမားမရှိလို့ လှေမထွက်ရရင် သမီးလေး ၄ ယောက်နဲ့ သူတို့မိသားစု စားစရာမရှိတဲ့ အခြေအနေ ကြုံရမှာပါ။
အဲဒီအတွက် ရေးခါက သူကိုယ်တိုင် ငါးဖမ်းလှေပေါ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မနက်တိုင်း နေမထွက်ခင် ရေးခါက ကမ်းခြေမှာ တစ်ယောက်တည်းငါးဖမ်းပိုက်တွေကို ရှင်းလင်းပြီး အိုဟောင်းနေတဲ့ လှေလေးနဲ့အတူ ဇနီးမောင်နှံနှစ်ယောက် အာရေဗျပင်လယ်ထဲကို ငါးဖမ်းထွက်ကြပါတယ်။ကမ်းခြေကနေ ရေမိုင် ၂၀၊ ၃၀ အထိ သွားကြတာပါ။
သူတို့မှာ သံလိုက်အိမ်မြှောင် မရှိသလို GPS လမ်းညွှန်စနစ် မပါဘူး၊ အသက်ကယ်အင်္ကျီလည်း မရှိကြပါဘူး။ ပင်လယ်ပြင်ကြီးက သင်ကြားပေးခဲ့တဲ့ အတွေ့အကြုံတစ်ခုတည်းကိုပဲ အားကိုး လုပ်ကိုင်ကြရတာပါ။
” စစချင်းတော့ တော်တော်ကြောက်တာပေါ့။ ဒါပေမဲ့ နောက်တော့လည်း ကြောက်စိတ်တွေ ပျောက်သွားတာပါပဲ” လို့ ရေးခါက ဆိုပါတယ်။ ရေးခါက ငါးဖမ်းလိုင်စင် လျှောက်တဲ့အခါမှာ အရာရှိတစ်ယောက်က ” ငါးဖမ်းတဲ့အလုပ်ဟာ အမျိုးသမီးတွေလုပ်ရမယ့် အလုပ်မဟုတ်ဘူး”ဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ ထိပ်တန်းရေကြောင်းသုတေသနအဖွဲ့တစ်ခုက ဒီသတင်း ကြားသွားပြီး ရေးခါကို လိုက်လံရှာဖွေစုံစမ်းကာ ရေနက်ပိုင်းငါးဖမ်းလိုင်စင်ရအောင် ကူညီပေးခဲ့ပါတယ်။ ကမ်းလွန်ဘက် ငါးဖမ်းရာမှာ ရေးခါက သူ့ထက် ပိုတော်တယ်လို့ ခင်ပွန်းဖြစ်သူ ကာသီကေယန်က ဆိုပါတယ်။
ပင်လယ်ပြင်ကြီးထဲကို ရေးခါ စွန့်စားသွားခဲ့တာက တစ်စုံတစ်ဦးကို သက်သေပြဖို့ မဟုတ်သလို ချီးကျူးဂုဏ်ပြုမှုတွေ လိုချင်လို့လည်း မဟုတ်ပါဘူး။ သူမရဲ့ သမီးလေးတွေနဲ့ သူတို့မိသားစု ဝမ်းရေး ဖြေရှင်းနိုင်ဖို့အတွက်ပါပဲ။
Ref: The first deep-sea fishing licence ever given to a woman in India.
NZ (ရိုးရာလေး)

