အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ ကျောင်းသန့်ရှင်းရေးဝန်ထမ်းအဖြစ် ၃၉ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ မူလတန်းကျောင်းတစ်ကျောင်းကို သူ့နာမည် ပေးခဲ့ပါတယ်။
မာရီလင်ဟမ်ပတန်(Marilyn Hampton) ဟာ တက္ကဆက်ပြည်နယ်၊ အော်ဘရီ (Aubrey) ကျောင်းခရိုင်မှာ ကျောင်းသန့်ရှင်းရေးဝန်ထမ်းအဖြစ် ဆယ်စုနှစ် ၄ ခုနီးပါး လုပ်ကိုင်ခဲ့သူပါ။ သူဟာ ကျောင်းသန့်ရှင်းရေးဝန်ထမ်းဆိုပေမဲ့ ကျောင်းသား/သူတွေကို စာကူသင်ပေးတာ၊ နွမ်းပါးတဲ့ ကလေးတွေကို ကျောင်းသုံးပစ္စည်းတွေ ဝယ်ပေးတာ၊ ကျောင်းသားတွေကို ပြုံးပျော်နေအောင် အမြဲကြိုးစားပေးလေ့ ရှိသူပါ။

မာရီလင်ဟာ သူတို့ မောင်နှမ ၈ ယောက်ထဲမှာ အထက်တန်းအောင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်ပေမဲ့ ကောလိပ်ဘွဲ့ မရခဲ့တဲ့အတွက် သူ့ကိုယ်သူ ဘဝမှာ ရှုံးနိမ့်သူတစ်ယောက်လို့ ယူဆထားသူပါ။ ဒါကြောင့်လည်း အော်ဘရီကျောင်းခရိုင်မှ မူလတန်းကျောင်းကို သူ့အမည်အစွဲပြုပြီး ” မာရီလင်ဟမ်ပတန် မူလတန်းကျောင်း ” လို့ ဂုဏ်ပြုခေါ်ဆိုမှုက သူ့အတွက် အများကြီး အဓိပ္ပာယ်ရှိစေခဲ့ပါတယ်။
အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ မာရီလင်ကို ကျောင်းအုပ်ကြီး ဒေါက်တာ ရှန်နွန် ဆေလာ (Dr. Shannon Saylor) က နောက်ဆုံးအလုပ်တစ်ခုအနေနဲ့ ကော်ဇောနီတစ်ခု ဖြန့်ခင်းပေးဖို့ တောင်းဆိုခဲ့ပြီး အစပိုင်းမှာတော့ မာရီလင်က အကြောင်းရင်းအမှန်ကို မသိခဲ့ပါဘူး။ ကော်ဇောပေါ်မှာ ရိုက်နှိပ်ထားတဲ့ စာသား( Marilyn Hampton Elementary School – မာရီလင် ဟမ်ပတန် မူလတန်းကျောင်း)ကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်သွားပြီး ဝမ်းသာလွန်းလို့ မျက်ရည်တွေ ဝဲလာတဲ့အထိပါပဲ။

” သူဟာ ကျွန်မတို့ အော်ဘရီကျောင်းခရိုင်ရဲ့ ပြယုဂ်ပါပဲ ” လို့ ဆိုခဲ့ပြီး ကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကြင်နာတတ်ဖို့၊ ကြိုးစားဖို့နဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ သင်ကြားပေးခဲ့တဲ့ စံပြပုဂ္ဂိုလ်ကြီးအဖြစ် ချီးကျူးခဲ့ပါတယ်။
Ref: Texas School Janitor Who Spent 39 Years Brightening Students’ Lives Gets an Incredible Honor
NZ (ရိုးရာလေး)

