လိုအပ်နေတဲ့ မိသားစုတွေကို ကူညီပေးဖို့ ရည်ရွယ်ပြီး စားနပ်ရိက္ခာတွေ လိုက်လံစုဆောင်းပေးခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ စွမ်းဆောင်မှုကနေ အစားအစာအိတ် ပေါင်ချိန် ၂ သိန်းခွဲအထိ ရရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်၊ Howell အထက်တန်းကျောင်းမှ ကျောင်းသားလေးတွေဟာ “Dermer Dreams” အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ 100-Yard Food Drive Challenge မှာ ပါဝင်ခဲ့ပြီး သူတို့ပတ်ဝန်းကျင် အိမ်တွေမှာ စားနပ်ရိက္ခာတွေ လိုက်လံအလှူခံ စုဆောင်းခဲ့တာပါ။

ဒီသတင်း ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ သူတို့ရဲ့မိသားစုတွေ၊ ဒေသခံ စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေ၊ စေတနာ့ဝန်ထမ်းတွေပါ ပါဝင်ခဲ့ပြီး အင်အားကောင်းတဲ့ လှုပ်ရှားမှုတစ်ရပ် ဖြစ်သွားခဲ့တာပါ။
အဝါရောင်အိတ်တွေနဲ့ ထည့်ထားတဲ့ စားနပ်ရိက္ခာအထုပ်တွေဟာ ကျောင်းဘောလုံးကွင်းအပြည့် ဖြစ်သွားပြီး Dermer Dreams အဖွဲ့သမိုင်းတစ်လျှောက် စံချိန်တင် အလှူပွဲကြီး ဖြစ်သွားခဲ့ပါတယ်။
စုဆောင်းရရှိတဲ့ အစားအသောက်တွေကို နယူးဂျာစီပြည်နယ်တဝန်းမှာရှိတဲ့ အစားအသောက်ဘဏ် (Food Bank) မိတ်ဖက်အဖွဲ့အစည်း ၃၀ နီးပါးကို ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ထိုမှတစ်ဆင့် အကူအညီလိုနေသူတွေဆီ ပို့ဆောင်ပေးသွားမှာပါ။
Ref: New Jersey Students Fill Football Field With More Than 250,000 Pounds of Food for Families in Need
NZ (ရိုးရာလေး)

