စကြာဝဠာထဲမှ ပေါက်ကွဲမှုကြီးတွေကို ၂၂ နှစ်ကြာ စောင့်ကြည့်လေ့လာခဲ့တဲ့ NASAရဲ့ Swift အာကာသမှန်ပြောင်း လောင်ကျွမ်းပျက်စီးတော့မယ်

image-4.png

စကြာဝဠာထဲမှ ပေါက်ကွဲမှုကြီးတွေကို ၂၂ နှစ်ကြာ စောင့်ကြည့်လေ့လာခဲ့တဲ့ NASA ရဲ့ Swift အာကာသမှန်ပြောင်းဟာ ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်လာပြီး မီးလောင်ပျက်စီးသွားတော့မှာ ဖြစ်ပါတယ်။

အလေးချိန် ၃,၂၀၀ ပေါင်ရှိတဲ့ ဒီအာကာသယာဉ်ဟာ နိုဝင်ဘာလ ၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံအထက် ကမ္ဘာ့ လေထုထဲကို ပြန်လည်ဝင်ရောက်ခဲ့တာပါ။ ယာဉ်ရဲ့အစိတ်အပိုင်း အတော်များများ လောင်ကျွမ်းပြာကျသွားဖို့ ရှိပေမဲ့ တချို့အပိုင်းအစတွေ ကျန်ခဲ့နိုင်တယ်လို့ NASA က ခန့်မှန်းထားပါတယ်။ အဲဒီအပိုင်းအစတွေ မြေပြင်ပေါ်ကို ကျလာမလားဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ “LINK” လို့ အမည်ရတဲ့ အာကာသယာဉ်တစ်စင်းကို လွှတ်တင်ပြီး Swift ကို ဖမ်းယူကာ ပိုမြင့်တဲ့ပတ်လမ်းထဲကို ပို့ဆောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီမစ်ရှင်သာ အောင်မြင်ခဲ့ရင် Swift ရဲ့ သက်တမ်းကို နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက် တိုးမြှင့်ပေးနိုင်မှာပါ။ ဒါပေမဲ့ ကယ်ဆယ်ရေးယာဉ် LINK ဟာ လမ်းကြောင်းထိန်းချုပ်မှုပိုင်းမှာ ပြဿနာတက်ခဲ့လို့ Swift ရှိတဲ့ တည်နေရာကို မရောက်နိုင်ခဲ့ပါဘူး။

အဲ့ဒီအချိန်မှာပဲ နေရဲ့လှုပ်ရှားမှုတွေ ပိုမိုပြင်းထန်လာတာက Swift ရဲ့ အခြေအနေကို ပိုဆိုးလာခဲ့တာပါ။ ကမ္ဘာ့အထက်ပိုင်းလေထုဟာ အပူချိန်တက်လာပြီး (လေထုပွ) Swift သွားရာလမ်းကြောင်းမှာ လေထုခုခံမှု ပိုများလာလို့ ပွတ်တိုက်မှု အရှိန်တိုးလာပြီး Swift ရဲ့အရှိန်ဟာ တဖြည်းဖြည်း လျော့ကျလာပြီး ပတ်လမ်း နိမ့်ဆင်းလာခဲ့ရတာပါ။

၂၀၀၄ ခုနှစ် နိုဝင်ဘာလမှာ လွှတ်တင်ခဲ့တဲ့ Swift ဟာ ကြယ်ကြီးတွေ ပျက်စီးတာ၊ နျူထရွန်ကြယ်တွေ တစ်ခုနဲ့တစ်ခု တိုက်မိလို့ ဖြစ်ပေါ်လာတဲ့ အလွန်အမင်း အားပြင်းတဲ့ ဂမ္မာရောင်ခြည် ဖြာထွက်မှု (gamma-ray bursts) တွေကို လေ့လာဖို့ တည်ဆောက်ခဲ့တာပါ။

Swift ရဲ့ ထူးခြားချက်ကတော့ စကြာဝဠာထဲမှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေရှိရာဆီကို ချက်ချင်း မျက်နှာမူနိုင်တာကြောင့် တခြားအာကာသမှန်ပြောင်းတွေအတွက် “ကြိုတင်သတိပေးစနစ်” တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် နက္ခတ္တဗေဒပညာရှင်တွေဟာ အာကာသထဲက ပေါက်ကွဲမှုတွေကို မပျောက်ပျက်သွားခင် အချိန်မီ လေ့လာခွင့် ရခဲ့ကြတာပါ။ Black Hole (တွင်းနက်) တွေ၊ စူပါနိုဗာ (ကြယ်ပေါက်ကွဲမှု) တွေ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေနဲ့ ဥက္ကာခဲတွေကိုပါ Swift က လေ့လာပေးနိုင်ခဲ့ပါတယ်။

Ref: NASA’s Swift observatory falls back to Earth after 2 decades in space

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top