ရဲခွေးတွေအတွက် ကျည်ကာဝတ်စုံထောက်ပံ့ပေးဖို့ ဒေါ်လာ ၃၁၅,၀၀၀ ရှာနိုင်ခဲ့တဲ့ ၁၀ နှစ်သားလေး

3-9-2020-yyl-031.jpg

အခုနောက်ပိုင်း နှလုံးလှတဲ့ဆယ်ကျော်သက်တွေ၊ ငယ်ရွယ်တဲ့ကလေးလေးတွေရဲ့အကြောင်းတွေကို မြင်တွေ့နေရပါတယ်။ ဒီတစ်ခါမှာလည်း အိုဟိုင်းယိုးပြည်နယ်မှာ နေထိုင်တဲ့ အသက် (၁၀) နှစ်အရွယ် ဘာရာဒီ ဆာနာကိုဗာစကီ (Brady Snakkovsky) အမည်ရတဲ့ ကောင်လေးဟာ ရဲခွေးတွေ ကျည်ကာဝတ်စုံမဝတ်တာကို မြင်တွေ့ခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီအတွက် တစ်ခုခုလုပ်ရမယ်ဆိုတာကို သူသိခဲ့ပါတယ်။

ရဲခွေးတွေက သူတို့ကို ထိန်းကျောင်းပေးတဲ့သူတွေလို အကာအကွယ်ဝတ်စုံမဝတ်ရတာကို ဘာရာဒီ သတိပြုမိခဲ့တဲ့အချိန်ဟာ သူ့မိသားစုနဲ့အတူ ရှိုးတစ်ခုကြည့်နေခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ဖြစ်ပါတယ်။ “ကျွန်မတို့ ရှိုးအတူတူကြည့်နေခဲ့တယ်။ ခွေးက ဝတ်စုံဝတ်ဆင်မထားတာကို ကျွန်မတောင် သတိမပြုမိခဲ့ဘူး။ အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်က အဲဒီမှာ ပြဿနာရှိနေတာကို သတိပြုမိတယ်ဆိုတော့ အတော်လေးအံ့သြသွားခဲ့တာပါ။ အဲဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှာနိုင်ခဲ့တယ်။ သူ ဒီလိုလုပ်နေတာမြင်ရတာ ကျွန်မကို အရမ်းဂုဏ်ယူမိစေပါတယ်”လို့ ဘာရာဒီရဲ့အမေ လီယားချ် တော်နာဘီနီ က ပြောပါတယ်။

ရဲခွေးတွေအတွက် ကျည်ကာဝတ်စုံ ထောက်ပံ့ဖို့ ရန်ပုံငွေရှာပေးဖို့အတွက် ဘာရာဒီက K9 Fund စတင်ခဲ့ပါတော့တယ်။ သူက GoFundMe ပေ့ချ်ကို ဖန်တီးခဲ့ပါတယ်။ ဘာရာဒီက အဲဒီကနေ ရန်ပုံငွေရှာရင်းနဲ့ ခွေး (၂၅၇) ကောင်အတွက် ကျည်ကာဝတ်စုံတွေ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဒေါ်လာ ၃၁၅,၀၀၀ ကျော်ကို ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ သူက ပြည်နယ် ၂၃ ခုနဲ့ ကနေဒါနိုင်ငံက ခွေးတွေအတွက် ကျည်ကာဝတ်စုံထောက်ပံ့ပေးခဲ့ပြီးပါပြီ။ အာဖဂန်နစ္စတန်နိုင်ငံက စစ်တပ်ကခွေးတွေကိုလည်း ဝတ်စုံထောက်ပံ့ပေးခဲ့ပါသေးတယ်။

K9 ရှိတဲ့ ရဲတပ်ဖွဲ့တွေက အခြားသူတွေရဲ့လှူဒါန်းပေးတဲ့ အကူအညီပေါ်မှာ မှီတည်နေရတယ်ဆိုတာကို လူအများစုက နားမလည်ကြပါဘူးလို့ ဘာရာဒီရဲ့အမေက ပြောပါတယ်။ ရဲခွေးတွေကို ထိန်းကျောင်းပေးတဲ့ ရဲတွေကလည်း ဘာရာဒီအကြောင်းကို စကားနဲ့ရော၊ ဝက်ဆိုက်ဘ်ကနေ တဆင့် ပြောကြပါတယ်။ ရဲခွေးတော်တော်များများကလည်း ဘာရီဒီရှေ့ ရပ်ပေးခဲ့ကြပါတဲ့အပြင် အဲဒီခွေးတွေထဲက တစ်ကောင်ကလည်း ဘာရာဒီရဲ့အကြိုက်ဆုံးခွေးအဖြစ် ရှိနေပါတယ်။

“K-9 ဘန်နီ (Benny) က ကျွန်တော့်အကြိုက်ပါပဲ။ သူ့ကို ထိန်းပေးတဲ့သူက အရမ်းကျေးဇူးတင်ပြီး ငိုခဲ့တဲ့အတွက်ကြောင့်ပါ”လို့ ဘာရာဒီက ဆိုပါတယ်။ ဘာရာဒီက ဘန်နီကို ထိန်းကျောင်းပေးတဲ့ရဲနဲ့တောင် သူငယ်ချင်းတွေဖြစ်သွားခဲ့ပါပြီ။ မကြာသေးခင်ကမှ ဘာရာဒီက ပရောဂျက်အသစ်တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ သူက သူ့ရဲ့မွေးရပ်မြေအနီးနားမှာ ခွေးတွေအတွက် ပန်းခြံတစ်ခုဖန်တီးပေးခဲ့ပါတယ်။ အဲဒီပန်းခြံက ရဲခွေးတွေကို ထိန်းကျောင်းပေးဖို့အတွက် နေရာတစ်နေရာရဖို့ တစ်ပတ်ကို ၁ ရက်ပိတ်ပါတယ်။

ရဲခွေးတွေက လေ့ကျင့်ရေးလုပ်ဖို့၊ တစ်လစာ လေ့ကျင့်ရေးလုပ်ဖို့ နေရာတစ်ခုလိုအပ်တယ်ဆိုတာ ဘာရာဒီက သိရှိသွားခဲ့လို့ နေရာထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဘာရာဒီက သူ့အဖွဲ့အစည်းက လူတွေရဲ့အကူအညီနဲ့ ခွေးတွေ လေ့ကျင့်ရေးဆင်းဖို့လိုအပ်တဲ့ ပစ္စည်းတွေထားရှိပေးထားတဲ့ ပန်းခြံတစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ ဘာရာဒီက ပန်းခြံနဲ့ သူ့ရဲ့အဖွဲ့အစည်းကနေတဆင့် ရဲခွေးတော်တော်များများကို သူတတ်နိုင်သလောက် ကူညီပေးဖို့ မျှော်လင့်ထားပါတယ်လို့ ပြောပါတယ်။ “ခွေးတွေကို ထိန်းကျောင်းပေးသူတွေရဲ့မျက်နှာက အပြုံးတွေကို မြင်ရတာ ကြိုက်တယ်”လို့ ဘာရာဒီက ဆိုပါတယ်။

Ref: CNN “A 10-year-old Ohio boy has raised over $315,000 to provide bulletproof vests for police dogs”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top