လူဖြူတပ်တွေရဲ့ အထိမ်းအမှတ်ရုပ်တုအစား ချက်ဒ်ဝစ်ဘို့စ်မန်းရဲ့ရုပ်တုကို အစားထိုးဖို့ အသနားခံလွှာလျှောက်ထားသူ ၄၀,၀၀၀ ကျော်ရှိနေ

3-9-2020-yyl-027.jpg

The Black Panther မင်းသား ချက်ဒ်ဝစ်ဘို့စ်မန်းဟာ အူမကြီးကင်ဆာရောဂါကို (၄) နှစ်ကြာခံစားခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့သောကြာနေ့က သေဆုံးသွားခဲ့တယ်ဆိုတာ စာဖတ်ပရိသတ်တွေ သိပြီးလောက်ပါပြီ။ အခုဆိုရင် မင်းသား ချက်ဒ်ဝစ် ရဲ့မွေးရပ်မြေဖြစ်တဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ အန်ဒါဆန်မှာ လူဖြူတပ်တွေရဲ့အထိမ်းအမှတ်ရုပ်တုအစား ချက်ဒ်ဝစ်ဘို့စ်မန်းရဲ့ရုပ်တုကို ထားရှိဖို့ အွန်လိုင်းကနေ အသနားခံလွှာလျှောက်ထားမှုရှိနေပါတယ်။ အသနားခံလွှာလျှောက်ထားမှုမှာ ဝင်ရောက်လက်မှတ်ထိုးပါဝင်ခဲ့သူ ထောင်ချီရှိနေတယ်လို့ သိရပါတယ်။

The change.org.petition က Anderson County Court House အပြင်ဘက်မှာ တည်ရှိတဲ့ လူဖြူတပ်တွေရဲ့အထိမ်းအမှတ်ရုပ်တုကို ဖယ်ရှားဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ မနေ့က ဗုဒ္ဓဟူးနေ့အထိ အသနားခံလွှာလျှောက်ထားတဲ့သူ (၄၀,၀၀၀) ကျော်ရှိခဲ့ပါတယ်။ “ချက်ဒ်ဝစ်က ‘Black Panther’၊ ‘Marshall’ လို ဇာတ်ကားတွေမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ရင်း လူမည်းလူငယ်တော်တော်များများအတွက် စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ သူ လုပ်ခဲ့တဲ့အရာကို သူ့ရဲ့မွေးရပ်မြေက ဂုဏ်ပြုပေးရမှာက သဘာဝပါပဲ။ အန်ဒါဆန်က လူသန်ပေါင်းများစွာကို Inspire လုပ်ခဲ့တဲ့ နိုင်ငံသားတစ်ယောက်ကို ဂုဏ်ပြုပေးဖို့ လိုအပ်ပါတယ်။ အန်ဒါဆန်က ချက်ဒ်ဝစ် ဘို့စ်မန်းကို လိုအပ်ပါတယ်။ သူ ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ပါစေ”လို့ ရေးသားထားပါတယ်။

အသနားခံလွှာလျှောက်ထားမှုကို ဒီအန်ဒရီ ဝီဗာ (DeAndre Weaver) က ဖန်တီးခဲ့တာပါ။ သူက Anderson Universtiy ကနေ သရုပ်ဆောင်ပညာရပ်နဲ့ ဘွဲ့ရခဲ့တာဖြစ်ပါတယ်။ “လူဖြူတပ်တွေရဲ့အထိမ်းအမှတ်ရုပ်တု ဒီနေရာမှာ နောက်ထပ်ရှိနေသင့်ဖို့ အကြောင်းအရင်းမရှိပါဘူး။ ကျွန်တော်တို့ ဘို့စ်မန်းကို ဂုဏ်ပြုတဲ့ အရာတစ်ခုခုနဲ့ အစားထိုးနိုင်မယ်ဆိုရင် အဖွဲ့အစည်း၊ လူမှုအသိုင်းအဝိုင်းအတွက် ကောင်းပါလိမ့်မယ်”လို့ ဝီဗာက ပြောပါတယ်။ အသနားခံလွှာကို ရုပ်တုကို ဖြိုပစ်ဖို့မဟုတ်ဘဲ ပြတိုက်ကို အပြီးရွေ့ဖို့ပဲ လျှောက်ထားခဲ့တာပါ။ အသနားခံလွှာလျှောက်ထားမှုက အန်ဒါဆန်မြို့တော်ဝန် တီရီရန် ရောဘတ်စ်၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်အကြီးအကဲ ဟင်နရီ မက်မာစတာနဲ့ ပြည်နယ်ဥပဒေပြုရေးအဖွဲ့ဆီ တိုက်ရိုက်ရောက်မှာဖြစ်ပါတယ်။ အသနားခံလွှာလျှောက်ထားမှုမှာ အကြောင်းအရင်း (၂) ခု ပါဝင်ပါတယ်။ တစ်ခုက အထိမ်းအမှတ်ရုပ်တုကို ဖယ်ရှားဖို့နဲ့ တစ်ခုက ဘို့စ်မန်းရဲ့ရုပ်တုနဲ့ အစားထိုးဖို့ပါပဲ။ ဒီကနေ့ ကြာသပတေးနေ့မှာ ချက်ဒ်ဝစ် ဘို့စ်မန်းအတွက် အောက်မေ့တသအခမ်းအနားပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မင်းသားချက်ဒ်ဝစ် ဘို့မန်းက သူ ကင်ဆာရောဂါခံစားနေရတယ်ဆိုတာကို ဘယ်တော့မှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် သူ သေဆုံးမှုနဲ့ အကြောင်းအရင်းနှစ်ခုစလုံးက သူ့ရဲ့ပရိသတ်တွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။ သူ သေဆုံးခဲ့တဲ့အကြောင်းကို တွစ်တာကနေကြေညာချက်အရ ချက်ဒ်ဝစ်ဟာ ၂၀၁၆ခုနှစ်ကတည်းက အူမကြီးကင်ဆာ အဆင့် ၃ ကို ခံစားခဲ့ရပြီး နောက်ပိုင်းမှာ အဆင့် ၄ ထိ ရောက်သွားခဲ့တာဖြစ်ပါတယ်။ ချက်ဒ်ဝစ် ဘို့မန်းဟာ “Black Panther” ဇာတ်ကားမှာ ဘုရင် တီချယ်လာအဖြစ် နာမည်ကျော်ခဲ့တဲ့အပြင် လူမည်းတွေအတွက် စံနမူနာယူထိုက်တဲ့ ပုဂ္ဂိုလ်လည်းဖြစ်ခဲ့ပါတယ်။

Ref: CBSNews “Over 40,000 sign petition calling for statue of Chadwick Boseman to replace Confederate monument in his hometown”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top