ကပ်ရောဂါအတွင်း ဖြစ်တည်လာတဲ့ ၉၉ နှစ်အဘွားအိုနဲ့ ၂ နှစ်သားလေးတို့ရဲ့ချစ်စရာသူငယ်ချင်းဆက်ဆံရေး

1-8-2021-yyl-01.jpg

အသက် ၉၉ နှစ် အရွယ် မယ်ရီ (Mary) က တုတ်ကောက်အသုံးပြုနေရတဲ့သူတစ်ယောက်၊ အသက် ၂ နှစ်အရွယ် ဘန်ဂျမင် (Benjami) ကတော့ လမ်းလျှောက်တတ်ခါစ ကလေးလေး။ သူတို့တွေက အိမ်နီးချင်းတွေဖြစ်ပြီး ကိုဗစ်ကာလအတွင်းမှာ သူတို့အိမ်တွေကြားက ခြံစည်းရိုးကနေတဆင့် ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးဖြစ်တည်လာခဲ့ပါတယ်။

မယ်ရီနဲ့ ဘန်ဂျမင်ရဲ့မိဘတွေက ဘန်ဂျမင် မမွေးခင်ကတည်းက အိမ်နီးနားချင်းတွေဖြစ်ခဲ့တာ ကြာလှပါပြီ။ ဒါပေမဲ့ မယ်ရီကို သိပ်မတွေ့ရဘူးလို့ ဘန်ဂျမင်ရဲ့မိခင် ဆာရက်ချ် အိုဆန် (Sarah Olson) က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ကပ်ရောဂါဖြစ်ပွားတဲ့အချိန် မိသားစုတွေ အိမ်ထဲမှာပဲ နေရတဲ့အခါ အဘွားမယ်ရီက ဘန်ဂျမင်တို့မိသားစု အပြင်မှာ မြင်တွေ့ခွင့်ရတဲ့ တစ်စုံတစ်ယောက်ဖြစ်ခဲ့တာပါ။

ကပ်ရောဂါအတွင်းမှာ ဘန်ဂျမင်တို့မိသားစုက သူတို့ရဲ့ခြံဝင်းမှာ ပိုပြီး ကစားဖြစ်ခဲ့ကြပါတယ်။ ဘန်ဂျမင် စပြီး လမ်းလျှောက် တတ်တဲ့၊ စကားပြောတတ်တဲ့အချိန်မှာ အဘွားမယ်ရီနဲ့ ပိုပြီး ကစားဖြစ်ခဲ့ကြပါတယ်။ ဘန်ဂျမင်က အဘွားမယ်ရီကို ခင်တွယ်လာပြီး မယ်ရီကို ခြံဝင်းနားမှာ မြင်ရင် သူ့ဆီသွားကာ ဘောလုံးတစ်လုံးသွားပေးတတ်ပါတယ်။ အဘွားမယ်ရီက ခြံစည်းရိုးနားကနေ တုတ်ကောက်ကို အသုံးပြုပြီး ဘန်ဂျမင်နဲ့အတူ ပင်ပေါင်ကစားပေးပါတယ်။

အဘွားမယ်ရီနဲ့ ဘန်ဂျမင်တို့ရဲ့ဆက်ဆံရေးက အရမ်းချစ်စရာကောင်းခဲ့ပါတယ်။ ဘန်ဂျမင်က အဘွားမယ်ရီကို ခင်တွယ်လွန်းပြီး မီမီ (Mimi) လို့ ခေါ်နေခဲ့ပါတယ်။ အိမ်ထဲမှာ ကစားနေရင်လည်း မီမီလို့ ခေါ်နေတတ်သလို အိမ်အပြင်ထွက်ရင်လည်း မီမီကို ရှာလေ့ရှိပါတယ်။ အဘွားမယ်ရီကလည်း ဘန်ဂျမင်ကို တွေ့ရင် ဟေ့…ဘန်ဂျမင်လို့ ခေါ်ပါတယ်။ သူတို့ကို ကြည့်နေရတာ အရမ်းချစ်ဖို့ကောင်းတယ်လို့ ဘန်ဂျမင်ရဲ့မိခင်က ဆိုပါတယ်။

ကပ်ရောဂါအတွင်း အထီးကျန်နေတဲ့ မယ်ရီအတွက် သူ လိုအပ်ခဲ့တာကတော့ သူငယ်ချင်းတစ်ယောက်ပါပဲ။ ဘန်ဂျမင်ရဲ့မိဘတွေက သူတို့သားလေး ခြံဝင်းထဲမှာ ကစားနေတာကို မယ်ရီ ဘယ်လောက်မြင်တွေ့ချင်လဲ၊ အခြားသူတွေကို တွေ့ခွင့်မရနိုင်တဲ့၊ မြင်တွေ့ခွင့်မရနိုင်တဲ့အချိန်မှာ ဘန်ဂျမင်က ခင်တွယ်စရာဖြစ်ခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ မယ်ရီက ဘန်ဂျမင်နဲ့အတူ ငယ်ဘဝအခိုက်အတန့်တွေကို ပြန်ရှာဖွေနိုင်ခဲ့တဲ့ပုံပါပဲ။ အဘွားမယ်ရီမှာ အရွယ်ရောက်ပြီဖြစ်တဲ့ မြေးတစ်ယောက်ရှိပါတယ်။ ဘန်ဂျမင်က အဘွားမယ်ရီအတွက် မြစ်ကလေးတစ်ယောက်လိုဖြစ်နေတယ်လို့ မယ်ရီရဲ့မြေးက ဆိုပါတယ်။

လူငယ်တွေနဲ့ လူကြီးတွေအတွက် သူငယ်ချင်းဆက်ဆံရေးတစ်ခုက သဘာဝအလျောက်ဖြစ်တည်လာတာကို လူတွေ မြင်တွေ့ခွင့်ရတဲ့အတွက်ကြောင့် ဘန်ဂျမင်နဲ့ အိမ်နီးချင်းရဲ့သူငယ်ချင်းဆက်ဆံရေးကို လူတော်တော်များများခံစားမိမယ်လို့ ထင်ကြောင်း၊ ဒီသူငယ်ချင်းဆက်ဆံရေးက မယ်ရီနဲ့ ဘန်ဂျမင်တို့အတွက် အရမ်းအဓိပ္ပာယ်ရှိတာကြောင့် ဒီဆက်ဆံရေးဖြစ်တည်လာတဲ့အတွက် ပျော်ရွှင်ကြောင်း ဘန်ဂျမင်ရဲ့မိခင်က ဆိုပါတယ်။ အဘွားမယ်ရီနဲ့ ဘန်ဂျမင်တို့ အတူတူကစားခဲ့တဲ့ တစ်နှစ်ကျော်တဲ့အချိန်မှာ အချင်းချင်းအဖော်ပြုရင်း ကစားနေကြတုန်းပါပဲ။

Ref: CBSNews “A 99-year-old woman and a 2-year-old boy formed an unlikely friendship across their fence during the pandemic”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top