ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိတဲ့ စိတ်ကျရောဂါရဲ့ဆိုးကျိုးများ

1-8-2021-yyl-06.jpg

စိတ်ကျရောဂါက ကမ္ဘာ့တစ်ဝှမ်းမှာ လူသန်းချီကြုံတွေ့ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်ပါတယ်။ ဒီရောဂါက သင့်ရဲ့စိတ်ကို ပြောင်းလဲပစ်စေရုံသာမက သင့်ခန္ဓာကိုယ်ကိုလည်း ပြောင်းလဲသွားစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေပြီး အခြားပြင်းထန်တဲ့ရောဂါတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ကျောက်ကပ်လုပ်ဆောင်ချက်လျော့နည်းလာခြင်း

စိတ်ကျရောဂါက နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေကိုရော ကျောက်ကပ်ကောင်းတဲ့သူတွေကိုပါ ဆိုးကျိုးသက်ရောက်စေပါတယ်။ ရောဂါဖြစ်တည်မှုကို အရှိန်မြင့်ပေးပါတယ်။ အဖြစ်နိုင်ဆုံးအကြောင်းအရင်းတွေထဲက တစ်ခုကတော့ အလိုအလျောက်ကိုယ်ခံအားကျစေတဲ့ ရောင်ရမ်းမှုဆိုရင်ပရိုတင်းတွေတိုးလာစေပြီး ကျောက်ကပ်လုပ်ဆောင်ချက်အားနည်းလာစေနိုင်တာပါပဲ။

အစာအိမ်အူလမ်းကြောင်းပြဿနာ

ကျွန်တော်တို့ဉီးနှောက်က အစာအိမ်အူလမ်းကြောင်းနဲ့ အနီးကပ်ဆုံးဆက်သွယ်ထားတာပါ။ စိတ်ခံစားချက်နဲ့ပတ်သက်ပြီး ထိခိုက်လွယ်ပါတယ်။ စိတ်ခံစားချက်မကောင်းတာနဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို အစပျိုးလာနိုင်ပါတယ်။ စိတ်ကျရောဂါက အူလမ်းကြောင်းက လှုပ်ရှားမှုတွေပေါ်လွှမ်းမိုးနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းပြဿနာရှိပြီးသားသူတွေက စိတ်ကျရောဂါကြောင့် ဝမ်းဗိုက်နာကျင်တာကို ပိုပြီးခံစားရနိုင်ပါတယ်။

ဆီးချိုရောဂါ

စိတ်ကျရောဂါက စိတ်ဖိစီးမှုဟော်မုန်းပမာဏကို တိုးလာစေပြီး သွေးအတွင်းသကြားဓာတ်ပမာဏနဲ့ အင်ဆူလင်ထောက်ပံ့နိုင်စွမ်းအပေါ် သက်ရောက်မှာရှိပါတယ်။ ဒီနှစ်ခုက ဆက်စပ်နေပြီး ဆီးချိုရောဂါရှိတဲ့လူတွေက စိတ်ကျရောဂါကိုပိုပြီးခံစားရနိုင်ပါတယ်။

နှလုံးရောဂါဖြစ်လာနိုင်ခြေရှိခြင်း

စိတ်ကျရောဂါခံစားရတဲ့လူတွေက သွေးဖိအားများတာနဲ့ နှလုံးခုန်နှုန်းမြန်တာကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါက နှလုံးရောဂါကို ဖြစ်လာနိုင်စေပါတယ်။ စိတ်ကျရောဂါကြောင့် မြင့်မားလာတဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကလည်း နှလုံးမှာ မကောင်းတဲ့သက်ရောက်မှုရှိနိုင်ပါတယ်။

သွေးလွှတ်ကြောပြဿနာ

ဒါက နှလုံးအတွက် အန္တရာယ်များတာနဲ့ အရမ်းဆက်စပ်နေပါတယ်။ သွေးဖိအားများတာက အကြောမှာရှိတဲ့ သွေးစီးဆင်းမှုကို လျော့ချပစ်ပါတယ်။ ဒါက သွေးကြောတွေကို ပျက်စီးစေပြီး ဆဲလ်နဲ့တစ်သျူးတွေအတွက် အာဟာရနဲ့အောက်စီဂျင်မလုံလောက်တာတွေဖြစ်လာနိုင်ပါတယ်။

ကျောနာခြင်း

နောက်ကျောနာတာကတော့ စိတ်ကျရောဂါနဲ့ အမြဲတမ်းဆက်စပ်မှုမရှိပါဘူး။ ခန္ဓာကိုယ်အနေအထားမမှန်တာ၊ ကြွက်သားအားနည်းတာတွေက ကျောနာတာရဲ့အဖြစ်များဆုံးအကြောင်းအရင်းဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ကျရောဂါက နာတာရှည်နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ စိတ်ကျရောဂါနဲ့ပတ်သက်ပြီး ခန္ဓာကိုယ်တုံ့ပြန်မှုအဖြစ် ရောင်ရမ်းခြင်းကြောင့် ကျောနာတာဖြစ်လာနိုင်ပါတယ်။

မှတ်ဉာဏ်ပြဿနာနဲ့ ခေါင်းကိုက်ခြင်း

စိတ်ကျရောဂါက ယာယီမှတ်ဉာဏ်ဆုံးရှုံးမှုနဲ့ စိတ်ရှုပ်ထွေးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက လူတွေကို ပိုပြီးမေ့တတ်လာစေပြီး အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ကန့်သတ်လိုက်စေပါတယ်။ နာတာရှည်ခေါင်းကိုက်ရောဂါကိုလည်း ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းက မျက်ခုံးတစ်ဝိုက်မှာဖြစ်တာပါ။

အဆစ်ရောင်ရောဂါ

စိတ်ကျရောဂါနဲ့ အဆစ်ရောင်ရောဂါက ဆက်စပ်နေတာပါ။ ဒီရောဂါတွေကြောင့် ရောင်ရမ်းနာကျင်မှုတွေဖြစ်လာတာက အဓိကအချက်ပါပဲ။ စိတ်ကျရောဂါကလည်း အဆစ်ရောင်ရောဂါကို ပိုပြီးဆိုးရွားလာစေနိုင်ပါတယ်။

  • စိတ်ခံစားချက်မကောင်းတာ၊ စိတ်အခြေအနေမကောင်းတာက လူတိုင်းဖြစ်နိုင်ပြီး ဒါက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာလို့ ဆိုလိုလို့မရပါဘူး။ ဒါပေမဲ့ စိတ်ကျရောဂါလက္ခဏာရပ်တွေ ပြင်းပြင်းထန်ထန်ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

Ref: 8 Ways Depression Affects Our Body
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top