ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ ယူကရိန်းကို ရောက်ရှိနေတဲ့ ဟော်လိဝုဒ်မင်းသား ရှောင်ပိန်း

24-2-2022-yyl13.jpg

မင်းသားနဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ ရှောင်ပိန်းဟာ ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှုအကြောင်း Vice Studios နဲ့အတူ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးဖို့အတွက် ယူကရိန်းကို ရောက်ရှိနေပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်က Vice World News and Endeavor Content နဲ့ဆက်စပ်တဲ့ Vice Studios ထုတ်လုပ်ရေးတစ်ခုဖြစ်တယ်လို့ Vice Media Group က သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ရှောင်ပိန်းက ရုရှားဟာ အရှေ့ဉရောပနိုင်ငံ ယူကရိန်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်လာတဲ့အတွက် သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီး (Volodymyr Zelenskyy) နဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ရှောင်ပိန်းက သူတို့နိုင်ငံထဲ ရုရှားရဲ့ကျူးကျော်မှုအကြောင်း အမှန်တရားကို ကမ္ဘာကြီးကို ချပြဖို့အတွက် ကီးယက်မြို့ (Kyiv) ကို လာခဲ့တယ်လို့ ယူကရိန်းရဲ့သမ္မတရုံးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ သမ္မတအကြံပေးတစ်ဉီး ဉီးဆောင်တဲ့ သတင်းစာရှင်းလင်းပွဲကို ရှောင်ပိန်းတက်ရောက်နေတဲ့ ပုံတစ်ပုံနဲ့အတူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံကို အခုလိုလာရောက်ခဲ့တဲ့အတွက်လည်း ရှောင်ပိန်းကို ကျေးဇူးတင်ခဲ့ပါတယ်။ “ဒါရိုက်တာက ယူကရိန်းမှာ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေအားလုံးကို မှတ်တမ်းတင်ဖို့နဲ့ ရုရှားရဲ့ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုအကြောင်း အမှန်တရားကို ကမ္ဘာကြီးသိအောင် ပြောပြဖို့အတွက် ကီးယက်မြို့ ကို အထူးရောက်ရှိလာခဲ့ပါတယ်။

ရှောင်ပိန်းက ယူကရိန်းကို ပံ့ပိုးအားပေးနေတဲ့သူတွေထဲက တစ်ဉီးပါပဲ။ ကျွန်တော်တို့နိုင်ငံက ဒီလို ရဲစွမ်းသတ္တိနဲ့ ရိုးသားမှုကို ပြသခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။နိုင်ငံရေးမလုပ်ခင်က မင်းသားတစ်ယောက်ဖြစ်ခဲ့တဲ့ ယူကရိန်းသမ္မတက ဗိုလော့ဒီမာ ဇယ်လန်းစကီးကလည်း ရှောင်ပိန်းနဲ့အတူ တွေ့ဆုံခဲ့တဲ့ ဗီဒီယိုကို အင်စတာဂရမ်စတိုရီမှာ မျှဝေခဲ့ပါတယ်။ ရှောင်ပိန်းက စစ်ပွဲဆန့်ကျင်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်ဆင်ရေးများစွာကို နှစ်တော်တော်ကြာ ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်က ဟေတီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုအတွက် CORE လို့ လူသိများတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Community Organized Relief Effort ကို တည်ထောင်ရာမှာ ရှောင်ပိန်းရဲ့ ကြိုးစားအားထုတ်မှုအကြောင်းကို The 2020 Dicovery Plus မှတ်တမ်းရုပ်ရှင်က ပြသခဲ့ပါတယ်။ CORE က နိုင်ငံတစ်ဝှမ်း ကိုဗစ်ရောဂါစစ်ဆေးဖို့နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးဖို့အတွက်လည်း အဖွဲ့တွေကို ဖြန့်ကျက်ထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာတုန်းကလည်း ရှောင်ပိန်းက ယူကရိန်းနဲ့ရုရှားတို့ကြားတင်းမာမှုတွေ မြင့်တက်နေချိန် ယူကရိန်းတပ်ဖွဲ့တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မင်းသားရှောင်ပိန်းဟာ ပဋိပက္ခအတွက် မှတ်တမ်းတင်ရုပ်ရှင်လုပ်ဆောင်နေတယ်လို့ Ukrainian Joint Forces Operation က ပြောကြားခဲ့ပါတယ်။ မနေ့ကတော့ ရှောင်ပိန်းက သမ္မတရုံးကို အလည်သွားခဲ့ပြီး သတင်းစာရှင်းလင်းပွဲတက်ရောက်ကာ သတင်းထောက်တွေ၊ ယူကရိန်းစစ်သားတွေနဲ့ စကားပြောခဲ့ပါတယ်။

ကီးယက်မြို့ကို ရှောင်ပိန်းရောက်ရှိလာစဉ်မှာလေကြောင်းတိုက်ခိုက်မှု တွေရှိနေတဲ့အတွက် ယူကရိန်းနိုင်ငံသား ထောင်ပေါင်းများစွာက မြို့တော်နဲ့ ​အခြားမြို့တွေကနေထွက်ပြေးရန် ကြိုးပမ်းနေကြတာကို လူမှုကွန်ယက်မှာ တင်ထားတဲ့ ဗီဒီယိုတွေက ပြသလို့နေပါတယ်။

Ref: CNN & 9gag “Sean Penn is in Ukraine, working on a documentary”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top