မေတ္တာတရားရဲ့ အသွားအပြန်

3-6-2022-yyl10.jpg

တစ်နေ့ သူ လမ်းဖြတ်လျှောက်သွားရင်း တောင်းစားနေတဲ့ အသက်ကြီးကြီး အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ ဆံပင်စုတ်ဖွားနဲ့ ဖိုသီဖတ်သီ ဝတ်ထားတဲ့ အဘိုးအိုကို ဘယ်သူကမျှ အရေးတယူ မလုပ်ကြဘူး။ ရာသီဥတု အရမ်းအေးပေမဲ့ အဘိုးအိုကတော့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အနွေးထည်ခပ်ပါးပါးကိုပဲ ဝတ်ထားတယ်။ အဘိုးအိုကိုမြင်ပြီး ကရုဏာသက်သွားတဲ့ အမျိုးသမီးက ” အဆင်မှ ပြေရဲ့လားရှင်” လို့ သွားမေးတယ်။

အမျိုးသမီးပုံစံကြည့်ရတာ ချမ်းသာတဲ့အသိုင်းအဝိုင်းကပဲ။ အဘိုးအိုကတော့ တခြားသူတွေလိုပဲ သူ့ကို လာလှောင်နေတယ်ထင်ပြီး ” ကိုယ့်ဘာသာကိုယ် အေးဆေးနေပါရစေ” လို့ ခပ်ဆတ်ဆတ် ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ အမျိုးသမီးက ထွက်မသွားဘူး။အဘိုးအိုကို ပြုံးပြပြီး ဗိုက်ဆာနေသလားလို့ ထပ်မေးတယ်။ စိတ်မရှည်တော့တဲ့ အဘိုးအိုကလည်း ” မဆာဘူး။ အခုလေးတင် သမ္မတနဲ့ နေ့လယ်စာသွားစားလာတယ်။ ကဲ သွားပေတော့”လို့ ဘုတော တောလွှတ်တယ်။

အမျိုးသမီးကတော့ ပြုံးနေဆဲပါ။ သူက အဘိုးအိုနား ကပ်သွားပြီး ဆွဲထူဖို့ ကြိုးစားချိန်မှာတော့ ” မင်း ဘာလုပ်နေလဲဆိုတာ ကိုယ့်ဘာသာကိုယ်ရော သိရဲ့လား” ဆိုပြီး အဘိုးအိုက အော်လိုက်လို့ သူတို့နားကို ရဲအရာရှိတစ်ယောက် ရောက်လာတယ်။ ” ဘာပြဿနာများ ရှိလို့လဲခင်ဗျာ” ” ဘာပြဿနာမှ မရှိပါဘူး ဆရာ။ ကျွန်မ သူ့ကို ဆွဲထူဖို့ ကြိုးစားနေတာပါ။ ဝိုင်းကူပေးပါလား” လို့ အမျိုးသမီးက ပြောလိုက်တယ်။ ရဲအရာရှိက အံ့အားသင့်နေပုံနဲ့ သူ့ကို ပြန်ကြည့်တယ်။

” အဘိုးကြီးဂျက်က ဒီမှာရှိနေတာ နှစ်တွေကြာပါပြီ။ သူ့ကို ဘာလုပ်ဖို့ ဆွဲထူနေတာလဲ” လို့ ရဲအရာရှိက မေးတယ်။ ” တစ်ခုခုစားရအောင် သူ့ကို ကော်ဖီဆိုင် ခေါ်သွားမလို့ပါ။ အချမ်းလည်း သက်သာအောင်လို့” . . . အမျိုးသမီးက ပြောတယ်။ ” မင်း ရူးနေတာလား မိန်းကလေး။ ကျုပ် ဘယ်မှ မသွားချင်ဘူး” လို့ အဘိုးအိုက ပြောပေမဲ့ သန်မာတဲ့ လက်တစ်စုံက ဆွဲထူလိုက်လို့ သူ မတ်တတ်အနေအထားဖြစ်သွားတယ်။

” ကျွန်တော် ဘာအပြစ်မှ လုပ်မထားပါဘူးဗျာ။ ကျွန်တော့်ကို လွှတ်ပေးပါ” လို့ အဘိုးအိုက အော်တော့တာပေါ့။ ” ခင်ဗျား တစ်ခုခုစားဖို့ အခွင့်အရေးကောင်းပဲ ဂျက်။ မငြင်းနဲ့တော့” လို့ ရဲအရာရှိက ခပ်တိုးတိုး အကြံပေးတယ်။ ဒီလိုနဲ့ ရုန်းရင်းကန်ရင်း သူတို့ ၃ ယောက်သား ကော်ဖီဆိုင်ကို ရောက်လာတယ်။ မနက်စာစားရမယ့် အချိန်မဟုတ်တော့သလို နေ့လယ်စာစားဖို့လည်း စောနေသေးတယ်။ ကော်ဖီဆိုင်မန်နေဂျာက သူတို့ဝိုင်းဆီ ရောက်လာပြီး မေးတယ်။ ” ဘာများဖြစ်လို့လဲ အရာရှိ။ ဒီလူက ပြဿနာရှာနေလို့လား”။
” မဟုတ်ပါဘူး။ ဒီအမျိုးသမီးက အဘိုးကြီး ဂျက်ကို တစ်ခုခုကျွေးချင်လို့ ခေါ်လာတာ” လို့ ရဲအရာရှိက ပြန်ပြောလိုက်တယ်။

” ကျွန်တော့်ဆိုင်မှာတော့ မလုပ်ပါနဲ့ဗျာ။ သူ့လို လူကို ခေါ်လာတာ ကျွန်တော့်ဆိုင် စီးပွားရေးထိခိုက်တယ်” လို့ မန်နေဂျာက ဒေါသတကြီး ပြောတော့တာပေါ့။ ” ကျုပ် ဘာလို့ ဒီဆိုင်ကို မလာချင်လဲဆိုတာ မင်း သိပြီမလား မိန်းကလေး။ အခု ကျုပ်ကို သွားခွင့်ပေးပါတော့။ ဒီနေရာကို ကျုပ် လုံးဝမလာချင်ဘူး” လို့ အဘိုးအိုက ပြောရှာတယ်။ အမျိုးသမီးက မန်နေဂျာကို လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး ” ဒီလမ်းဆုံးနားလေးက အက်ဒီနဲ့ရောင်းရင်းများဘဏ်ကို ရှင် သိမယ်ထင်ပါရဲ့”လို့ ပြောလိုက်တယ်။ ” သိတာပေါ့ဗျာ။ သူတို့က ကျွန်တော့်ဆိုင်မှာ အပတ်တိုင်း အစည်းအဝေးလုပ်နေကြပဲ”လို့ မန်နေဂျာက ဆောင့်ကြီးအောင့်ကြီး ပြန်ပြောတယ်။

” သူတို့ အစည်းအဝေးလာလုပ်တိုင်း ရှင် တွက်ခြေကိုက်မယ်ထင်တယ်နော် ” လို့ အမျိုးသမီးက ထပ်ပြောချိန်မှာတော့ စိတ်မရှည်တော့တဲ့ မန်နေဂျာက ” အဲဒါ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲဗျ” လို့ မေးလိုက်တော့တာပေါ့။ ” ကျွန်မက အဲဒီကုမ္ပဏီရဲ့အမှုဆောင်ချုပ်ပဲ” လို့ အမျိုးသမီးက ခပ်အေးအေး ပြန်ပြောလိုက်တော့ မန်နေဂျာလည်း ” ဪ” ဆိုတဲ့ တစ်လုံးပဲ ပြန်ပြောနိုင်ပါတော့တယ်။

အမျိုးသမီးက ရဲအရာရှိကို လှမ်းကြည့်လိုက်ပြီး ” အရာရှိရော ကျွန်မတို့နဲ့အတူ ကော်ဖီသောက်ပြီး မုန့်စားသွားပါဦး” လို့ လှမ်းခေါ်ပေမဲ့ အရာရှိကတော့ တာဝန်ချိန်ဖြစ်နေလို့ မသောက်တော့ဘူးဆိုပြီး ငြင်းပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသမီးက အဘိုးအိုကို ငေးစိုက်ကြည့်ပြီး ”ကျွန်မကို မှတ်မိလား ဂျက်”လို့ မေးလိုက်ပါတယ်။ ဂျက်က အမျိုးသမီးမျက်နှာကို သေသေချာချာကြည့်ပြီး ဇဝေဇဝါဖြစ်နေတဲ့ပုံစံနဲ့ ” မြင်တော့မြင်ဖူးသလိုပဲ” လို့ ဖြေတယ်။

” ရှင် ဒီဆိုင်မှာ အလုပ်လုပ်တုန်းက ခိုက်ခိုက်တုန်အောင် ချမ်းနေပြီး ဆာလောင်နေတဲ့ မိန်းကလေးငယ်တစ်ယောက် မကြာခဏ ရောက်ရောက်လာတတ်တာ မှတ်မိသေးလား။ အခုတော့ သူလည်း ကြီးလောက်ပြီပေါ့”လို့ အမျိုးသမီးက ဆိုတယ်။ သူ့စကားကိုကြားပြီး ရဲအရာရှိလည်း ပါးစပ်အဟောင်းသားဖြစ်နေတာပေါ့။ သူ့မျက်စိထဲမှာ ဒီအမျိုးသမီးကို ဆင်းရဲနွမ်းပါးပြီး ဆာလောင်နေတဲ့ မိန်းကလေးငယ်ပုံစံမျိုး လုံးဝမြင်ယောင်ကြည့်လို့ မရဘူးလေ။

” ကျွန်မ ဘွဲ့ရခါစက ဒီမြို့မှာ အလုပ်လာရှာတယ်။ ဒါပေမဲ့ တော်တော်ကြာတဲ့အထိ အလုပ်မရလို့ ပိုက်ဆံပြတ်သွားပြီး အိမ်ရှင်ကလည်း ကျွန်မကို မောင်းချလိုက်တယ်လေ။ ဒီတော့ ရက်တော်တော်ကြာအောင် လမ်းဘေးမှာ နေခဲ့ရတယ်။ မှတ်မိပါသေးတယ်။ အရမ်းအေးတဲ့ ဖေဖော်ဝါရီလကြီးပေါ့။ ကျွန်မ ဒီဆိုင်ကို တွေ့တော့ လက်ထဲမှာရှိတဲ့ပိုက်ဆံလေးနဲ့ စားစရာလေးများရမလားလို့ လာမေးတယ်လေ”ဂျက်ရဲ့မျက်နှာ ဝင်းခနဲဖြစ်သွားတယ်။ ” အခုမှ မှတ်မိတယ်။ ကျုပ်က ဒီကောင်တာမှာ ထိုင်နေကြလေ။ မင်း ရောက်လာပြီး စားစရာလိုချင်လို့ အလုပ်ခိုင်းပါဆိုပြီး ပြောခဲ့တာလေ။ အဲဒီတုန်းက ကုမ္ပဏီစည်းမျဉ်းကို ချိုးဖောက်ရာရောက်လိမ့်မယ်လို့ ကျုပ် ပြန်ပြောခဲ့တာနော်”လို့ အဘိုးအိုက ပြောလိုက်တယ်။

” ဟုတ်ပါရဲ့။ ပြီးတော့ ကျွန်မကို စားပွဲမှာထိုင်ခိုင်းပြီး အကြီးဆုံး အမဲသားပေါင်မုန့်ညှပ်တစ်လုံး၊ ကော်ဖီတစ်ခွက် ပေးခဲ့တယ်လေ။ ကျွန်မ ပျော်ခဲ့ရတာပေါ့။ ကျွန်မ စားသောက်တာတွေကိုလည်း ရှင့်စာရင်းထဲ ထည့်ပေးခဲ့တာလေ” . . . အမျိုးသမီးရဲ့စကားသံက အတိတ်ကို ပြန်သတိရနေသလိုမျိုး။ ” အဲဒါနဲ့ မင်း ကိုယ်ပိုင်လုပ်ငန်းထောင်လိုက်တာလား” အဘိုးအို ဂျက်က ရုတ်တရက်မေးလိုက်တယ်။ ” မဟုတ်ဘူးရှင့်။ အဲဒီနေ့ နေ့လယ်ပဲ ကျွန်မ အလုပ်ရတယ်လေ။

တဖြည်းဖြည်း ကြိုးစားရင်းနဲ့မှ ကိုယ်ပိုင်စီးပွားရေး စလုပ်ဖြစ်တာ” လို့ အမျိုးသမီးက ပြောပြီး ပိုက်ဆံအိတ်ကို လှမ်းယူလိုက်တယ်။ ပြီးတော့ သူ့အိတ်ထဲက လိပ်စာကတ်တစ်ခုကို ထုတ်ပေးပြီး ” ကျွန်မရဲ့ ဒါရိုက်တာဆီ သွားလိုက်ပါ။ ကျွန်မ သူ့ကို လှမ်းပြောထားလိုက်ပါ့မယ်။ ကျွန်မကုမ္ပဏီမှာ ရှင့်အကူအညီ လိုအပ်တဲ့ အလုပ်တစ်ခုခု ရှိနေမှာ သေချာပါတယ်။ ပြီးတော့ ရှင့်လစာထဲက တချို့တစ်ဝက်ကိုလည်း ကြိုထုတ်ပေးထားပါ့မယ်”။

” မင်းရဲ့ကြင်နာမှုကို ငါ ဘယ်လို ပြန်ပေးဆပ်နိုင်တော့မလဲကွယ်” လို့
စီးကျလုဆဲဆဲ မျက်ရည်ကို အနိုင်နိုင်ထိန်းရင်း ဂျက်က ပြောနေလေရဲ့။ အမျိုးသမီးကတော့ အဘိုးအိုဂျက်အတွက် စားစရာတွေ မှာပေးပြီး ရဲအရာရှိနဲ့အတူ ဆိုင်ထဲကနေ ထွက်သွားခဲ့ပါပြီ။ ရဲအရာရှိအတွက်တော့ ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးအရာဖြစ်တဲ့ မေတ္တာတရားရဲ့ အသွားအပြန်ကို ဒီကနေ့ သူ မြင်တွေ့ခံစားခဲ့ရတာပါ။

Ref: A beggar and a lady

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top