သွားဆေးခန်းသွားဖို့မဖြစ်နိုင်တဲ့အချိန်မှာ သွားကျန်းမာရေးအတွက် ဂရုစိုက်ကြမယ်

8-12-2020-yyl-023.jpg

အခုလိုကိုဗစ်ဖြစ်ပွားနေတဲ့အချိန်အခါမျိုးမှာ ဘယ်သူမှ ဆေးခန်း၊ ဆေးရုံတို့၊ သွားဆေးခန်းတို့ကို သွားချင်ကြမှာမဟုတ်ပါဘူးနော်။ အပြင်ထွက်လိုက်တဲ့အချိန်တိုင်း ရောဂါကူးမှာကို စိုးရိမ်နေရပါတယ်။ တကယ်လို့ သွားပြဿနာတစ်ခုခုဖြစ်ရင် ရောဂါကူးမှာစိုးရိမ်တဲ့အတွက် သွားဆေးခန်းကိုတောင် မသွားချင်ကြပါဘူး။ ဒါကြောင့် အခုလိုအချိန်အခါမှာ သွားဆေးခန်းမသွားရအောင် သွားနာတာ၊ သွားကိုက်တာလို သွားပြဿနာတွေမဖြစ်ဖို့အတွက် သင့်သွားကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သင့်သွားကျန်းမာရေးအတွက် ဘယ်လိုတွေဂရုစိုက်ပေးသင့်လဲဆိုရင်

သွားကို သေချာတိုက်ပေးပါ

သွားချေးတွေ၊ သွေးထွက်တာတွေမဖြစ်လာအောင် ရှောင်ရှားဖို့အတွက် တစ်နေ့ (၂) ကြိမ် သေသေချာချာ သွားတိုက်ပေးဖို့ အရေးကြီးပါတယ်။ အလျင်စလိုနဲ့ မြန်မြန် သွားတိုက်မယ်ဆိုရင် သွားတစ်ဝိုက်မှာရှိတဲ့ Gum tissue တွေ ဖယ်ရှားပစ်စေပြီး ခံတွင်းအနံ့ဆိုးတွေဖြစ်လာစေနိုင်ပါတယ်။ ဒီအခြေခံပြဿနာတွေကို ဖယ်ရှားဖို့အတွက် နည်းမှန်လမ်းမှန်နဲ့သွားတိုက်နည်းကို လေ့လာဖို့အရေးကြီးပါတယ်။ သွားချေးတွေဖယ်ရှားဖို့အတွက် သွားတိုက်တံကို စက်ဝိုင်းအတိုင်းဖြည်းဖြည်းသာသာလေး ရွေ့လျားပြီး အနည်းဆုံး (၂) မိနစ်လောက် သွားတိုက်ပေးပါ။

လျှာကိုလည်း သန့်စင်ပေးဖို့ မမေ့ပါနဲ့

လျှာကို သန့်စင်ပေးတာကလည်း သွားတိုက်သလိုပဲ အရေးကြီးပါတယ်။ ဒီအရေးကြီးတဲ့အချက်ကို လျစ်လျူရှုလိုက်တာက သင့်လျှာမှာ သွားချေးတွေဖြစ်တည်လာစေနိုင်ပါတယ်။ ရလဒ်အနေနဲ့ ခံတွင်းအနံ့မကောင်းတဲ့အပြင် အခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ သွားတိုက်တံနဲ့ လျှာကို ဖြည်းဖြည်းသာသာလေး ပွတ်တိုက်ပေးတာ၊ လျှာကို သန့်စင်ပေးတဲ့အရာကို အသုံးပြုပေးတာတွေ လုပ်ပေးသင့်ပါတယ်။

ခံတွင်းသန့်ဆေးကို အသုံးပြုပေးပါ

သွားတိုက်ပြီးနောက် ခံတွင်းသန့်ဆေးနဲ့ ခံတွင်းသန့်စင်ပေးတာကလည်း သင့်သွားကို ဖြူဝင်းစေဖို့အတွက် အကူအညီပေးပြီး ခံတွင်းထဲက ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပါတယ်။ သွားရောဂါရဲ့ပထမဆုံးအဆင့်တွေဖြစ်မလာအောင် ခံတွင်းသန့်ဆေးသုံးပြီး ကာကွယ်သင့်ပါတယ်။ ပါးစပ်ထဲက ဘတ်တီးရီးယားပေါက်ဖွားမှုကို ဖြတ်တောက်ပေးနိုင်တဲ့ အထိရောက်ဆုံးနည်းဖြစ်ပါတယ်။

ရေသောက်ပေးပါ

တစ်နေ့ကို ရေလုံလုံလောက်လောက်သောက်ပေးတာကလည်း သွားကျန်းမာရေးအပါအဝင် သင့်ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ လုံလောက်တဲ့ရေပမာဏက သင့်ပါးစပ်ကို သန့်စင်ပေးပြီး အန္တရာယ်ဖြစ်စေတဲ့ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။ သွားယိုယွင်းပျက်စီးတာကို လျော့ချပေးပြီး တံတွေးထုတ်လုပ်မှုအားကောင်းစေပါတယ်။

သွားဖုံးကျန်းမာရေးအတွက် ဗီတာမင်စီကို စားသုံးပေးပါ

ဗီတာမင်စီက သွားဖုံးကျန်းမာရေးကို ထိန်းပေးပြီး သွားကိုသန်မာစေတဲ့ အန်တီအောက်စီဒန့်ဓာတ်တွေ ပါဝင်ပါတယ်။ ဗီတာမင်စီပါဝင်တဲ့ ခရမ်းချဉ်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီးတွေလို လတ်ဆက်တဲ့အသီးတွေကို စားပေးတာက အခုအချိန်အခါမှာ သင့်သွားကျန်းမာရေးကောင်းအောင် ထိန်းပေးနိုင်ပါတယ်။

သွားမကိုက်အောင် လေးညှင်းပွင့်စားပေးပါ

သင်က သွားကိုက်တတ်တယ်ဆိုရင် သွားကိုက်တာသက်သာသွားဖို့အတွက် လေးညှင်းပွင့်ကို စားပေးလို့ရပါတယ်။ လေးညှင်းပွင့်မှာ ပါဝင်တဲ့ဂုဏ်သတ္တိတွေက သွားကိုက်တာကို သက်သာစေနိုင်စွမ်းရှိပါတယ်။ သွားဖုံးနဲ့သွားတွေကို လေးညှင်းဆီသုတ်ပေးလို့လည်းရပါတယ်။

အထိခိုက်မခံတဲ့သွားအတွက် ပူစီနံလက်ဖက်ခြောက်အိတ်

အထိခိုက်လွယ်တဲ့ သွားနဲ့သွားဖုံးအတွက် ပူစီနံရေနွေးကြမ်းက အထိရောက်ဆုံးအိမ်တွင်းနည်းပါပဲ။ ရေနွေးထဲကို ပူစီနံလက်ဖက်ခြောက်အိတ်ကို (၅) မိနစ်လောက်စိမ်ထားပြီးနောက် အအေးခံထားလိုက်ပါ။ နည်းနည်းနွေးသွားပြီးဆိုရင် ဖြစ်တဲ့နေရာမှာ အဲဒီရေကို တို့ပေးလို့ရပါတယ်။ လက်ဖက်ခြောက်အိတ်ကိုလည်း နွေးသွားအောင်လုပ်ပြီး ဖြစ်တဲ့နေရာကို တင်ထားပေးလို့ရပါတယ်။ ဒီနည်းက သွားဖုံးသွေးထွက်တဲ့အခါ ထိရောက်မှုရှိပါတယ်။

Ref: Ways to keep your teeth healthy when you are not able to visit the dentist

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top