စာအုပ်ဖတ်ဖို့တောင် ငွေကြေးခက်ခဲတဲ့ ကလေးတွေကို စာအုပ်တွေလှူဒါန်းပေးနေတဲ့ အထက်တန်းကျောင်းသူလေး

3-6-2022-yyl05.jpg

အနောက်ဗာဂျီးနီးယားပြည်နယ်က အထက်တန်းကျောင်းသူလေး ရမ်နီးယား ဇူရီကို “Book Desert” ဆိုတာ ဘာလဲလို့ မေးရင် ကမ္ဘာပေါ်မှာ စာအုပ်တွေရှာဖတ်ဖို့ အလွန်ခဲယဥ်းတဲ့ ဒေသတစ်ခုလို့ ပြောပါလိမ့်မယ်။ ရမ်နီးယားကိုယ်တိုင်က အဲဒီလိုဒေသတွေမှာ စာအုပ်တစ်အုပ်ဖတ်ခွင့်ရဖို့တောင် ခက်ခဲနေတဲ့ ပြဿနာကို ဖြေရှင်းနေတာပါ။

သူ့ရဲ့အဘိုးအဘွားတွေက စာအုပ်တွေ၊ စာကြည့်တိုက်တွေ မရှိတဲ့ အိန္ဒိယနဲ့ ယူဂန်ဒါနိုင်ငံတွေရှိ ရွာငယ်လေးတွေမှာ ကြီးပြင်းခဲ့ရတဲ့အတွက် ရမ်နီးယားက ဒီပြဿနာတွေကို သိလာခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရမ်နီးယားဟာ ဖလော်ရီဒါပြည်နယ်၊ Palm Beach County က ရွှေ့ပြောင်းကလေးတွေအတွက် စာကြည့်တိုက်လေးတစ်ခု ထားရှိပေးခဲ့ပြီးနောက် အမေရိကန်နိုင်ငံမှာလည်း စာအုပ်တွေဖတ်ရဖို့ ခဲယဉ်းတဲ့၊ စာကြည့်တိုက်မရှိတဲ့ ပြဿနာရှိတယ်ဆိုတာ နားလည်ခဲ့တယ်။

ရမ်နီးယားက ငွေကြေးခက်ခဲတဲ့ကလေးတွေကို စာအုပ်တွေဖတ်လို့ရနိုင်ဖို့အတွက် အကျိုးအမြတ်မယူတဲ့ The LiTEArary Society အဖွဲ့အစည်းကို တည်ထောင်ခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့မစ်ရှင်က ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ လာတဲ့ အသက် ၃ နှစ်ကနေ ၅ နှစ် ကလေးတွေကြား စာဖတ်ခြင်းကို ချစ်မြတ်နိုးလာအောင် လုပ်ဆောင်ပေးဖို့ပါပဲ။

နိုဝင်ဘာကနေ ဒီဇင်ဘာအထိ အားလပ်ရက်ရာသီအတွင်း အဖွဲ့အစည်းက ငွေကြေးခက်ခဲတဲ့ကလေးတွေအတွက် စာအုပ်အသစ် (၁၂၀၀) နီးပါးရရှိတဲ့ Barnes & Noble အွန်လိုင်းစာအုပ်ဆိုင်နဲ့အတူ Book Drive တစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ မူကြိုကလေးတွေအတွက် ထိုစာအုပ်တွေထဲက ၈၀၀ ကိုယူပြီး ကောင်တီ (၃) ခုမှာရှိတဲ့ Head Start ပရိုဂရမ်တွေက ကလေးတိုင်းကို စာအုပ်တွေ ဝေပေးခဲ့ပါတယ်။ ကျန်တဲ့စာအုပ်တွေကိုတော့ သူတို့ရဲ့မွေးချင်းမောင်နှမတွေနဲ့ မိဘတွေဆီ ပေးခဲ့ပါတယ်။

Head Start က ဝင်ငွေနည်းတဲ့မိသားစုက လာတဲ့ မူကြိုကလေးတွေကို ကူညီဆောင်ရွက်ပေးတဲ့ ဖက်ဒရယ်အစီအစဉ်တစ်ခုပါ။ ရမ်နီးယားရဲ့ရည်မှန်းချက်က ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ Head Start ပရိုဂရမ်တွေက ကလေးတိုင်းဆီ စာအုပ်အသစ်တွေ ဝေပေးဖို့ပါပဲ။ မတ်လက ရမ်နီးယားဟာ ပြည်နယ်တစ်ဝှမ်းက Head Start စင်တာ (၂၂) ခုနဲ့ စာသင်ခန်းတွေဆီ သွားရောက်တဲ့ West Virginia Head Start ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့မှာ သူ့ရည်မှန်းချက်ပြီးမြောက်ခဲ့ပါတယ်။ သူ့အဖွဲ့ရဲ့အကူအညီနဲ့ ကလေးတိုင်းနဲ့ သူတို့ရဲ့ဆရာ/ဆရာမတွေဆီ စာအုပ် (၆၇၇၀) ကျော် ပေးပို့နိုင်ခဲ့ပါတယ်။

ရန်ပုံငွေအနေနဲ့ကတော့ ရမ်နီးယားဟာ ဒုတိယတန်းကတည်းက သူ စုဆောင်းခဲ့တဲ့ ငွေတွေအားလုံးကို အသုံးပြုခဲ့တာပါ။ လှူဒါန်းငွေအမြောက်အမြားကိုလည်း သူ လက်ခံရရှိခဲ့ပါတယ်။ ဇွန်လမှာ ရမ်နီးယားနဲ့သူ့ရဲ့အဖွဲ့အစည်းက နယူးယောက်၊ ဗာဂျီးနီးယား၊ ကယ်လီဖိုးနီးယားတို့မှာ အလားတူဆောင်ရွက်မှုမျိုး လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

အခုနွေရာသီမှာ ပိုကြီးတဲ့ Head Start ခရီးစဉ်လုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။ အက်ပလားချီးယားဒေသတစ်လျှောက် Head Start နွေရာသီပရိုဂရမ်တွေက ကလေးတိုင်းကို စာအုပ်တွေ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။ တစ်နေ့ကျရင် သူ့ရဲ့ကြိုးစားအားထုတ်မှုက “One Book At a Time” လို့ခေါ်တဲ့ အမျိုးသားရေးလှုပ်ရှားမှုဖြစ်လာဖို့ ရမ်နီးယားမျှော်လင့်နေပါတယ်။

Ref: FoxNews “West Virginia high schooler donates books to children in need across the state”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top