၄၅ မိနစ်အတွင်း ဘားဆိုင် ၃ ဆိုင် ပြောင်းသောက်ပြီး ပိတ်ဆို့မှုစည်းမျဉ်း ချိုးဖောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား တစ်စုကို စင်ကာပူမှာ အလုပ်လုပ်ခွင့် ရာသက်ပန် ပိတ်ပင်

26-6-2020-yyl-028.jpg

၄၅ မိနစ်အတွင်း ဘားဆိုင် ၃ ဆိုင် ပြောင်းသောက်ခဲ့ပြီး ပိတ်ဆို့မှုစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ စင်ကာပူနိုင်ငံမှာ နေထိုင်တဲ့ ဗြိတိန်နိုင်ငံသားတစ်စုကို အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။ အသက် ၃၀ ဝန်းကျင်ရှိတဲ့ ဗြိတိန်အမျိုးသား ၄ ယောက်ဟာ မေလ ၁၆ ရက်က စင်ကာပူမြို့လယ်မှာရှိတဲ့ ရော်ဘတ်ဆန်ကေးဘားဆိုင်မှာ မချိန်းထားဘဲ ဆုံခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက ဘားဆိုင်တွေကို ပုံမှန်အတိုင်း မဖွင့်ဘဲ ပါဆယ်ပဲ ရောင်းချပါတယ်။ ဒါပေမဲ့ သူတို့တွေက ၄၅ မိနစ်အတွင်း ဘားဆိုင် ၃ ဆိုင် ပြောင်းသောက်ခဲ့တယ်လို့ တရားရုံးကြားနာမှုမှာ ဖော်ပြပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာ လမ်းသွားလမ်းလာတစ်ယောက် ရိုက်ကူးထားတဲ့ လူတွေ အစုလိုက် သောက်စားနေကြတဲ့ ဓာတ်ပုံက ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အစိုးရအိမ်ရာမှာ နေတဲ့ ဒေသခံတွေကို ပိတ်ဆို့မှုစည်းမျဉ်း ချိုးဖောက်ရင် အရေးယူကြပေမဲ့ လူမြင်ကွင်းမှာ နှာခေါင်းစည်းမတပ်ဘဲ သောက်စားနေသူတွေရှိတယ်လို့ အဲဒီပို့စ်မှာ ရေးသားထားပါတယ်။ ဗြိတိန် နိုင်ငံသားတွေကို ထောင်ဒဏ်ချမှတ်ပေးဖို့ အစိုးရရှေ့နေက တောင်းဆိုခဲ့ပေမဲ့ တရားသူကြီးကတော့ ဒဏ်ငွေပဲ ချမှတ်ခဲ့တာပါ။ သူတို့ ၄ ယောက်ဟာ တစ်ယောက်ကို ဒဏ်ငွေအဖြစ် စင်ကာပူဒေါ်လာ ၉၀၀၀ စီ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

သောက်စားပြီး နာရီဝက်လောက် စကားပြောခဲ့တဲ့ အမေရိကန် လင်မယားနှစ်ဦးနဲ့ သြစတြေးလျနိုင်ငံသား တစ်ယောက်ကိုလည်း စင်ကာပူဒေါ်လာ ၈၀၀၀ စီ ဒဏ်ရိုက်ခဲ့ပါတယ်။ ရောဘတ်ဆန်ကေးဘားမှာ အရက်သောက်ခဲ့လို့ ဒဏ်ငွေချမှတ်ခံရသူ ၇ ယောက်ရှိတဲ့အနက် ၆ ယောက်ကို စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ခွင့် ရာသက်ပန်ပိတ်ပင်လိုက်ပါပြီ။ အလုပ်လုပ်ခွင့် ရာသက်ပန် ပိတ်ပင်ခံရမှုကနေ လွတ်မြောက်ခဲ့သူက ဘယ်သူလဲဆိုတာတော့ ခွဲခြားဖော်ပြခြင်း မရှိပါဘူး။ စင်ကာပူနိုင်ငံမှာ မေလ ၁ ရက်ကနေ ဇွန်လ ၂၅ ရက်အထိ စည်းမျဉ်းတွေကို ချိုးဖောက်လို့ အလုပ်လုပ်ခွင့် ရုပ်သိမ်းခံရသူ ၁၄၀ ရှိခဲ့တယ်လို့ စင်ကာပူနိုင်ငံ လူ့စွမ်းအားဝန်ကြီးဌာနက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top