လက်ဝဲတော်လှန်ရေး ပြယုဂ်ဖြစ်တဲ့ ချီဂွေဗားရား မွေးဖွားရာ အဆောက်အအုံကို အရောင်းစာရင်း တင်သွင်း

26-6-2020-yyl-027.jpg

၂၀ ရာစု လက်ဝဲတော်လှန်ရေး ပြယုဂ်ဖြစ်တဲ့ ချီဂွေဗားရား မွေးဖွားရာ အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့က အဆောက်အအုံကို အရောင်းစာရင်း တင်သွင်းလိုက်ပါပြီ။ စတုရန်းပေ ၂၅၈၀ ကျယ်ဝန်းပြီး ရှေးဟောင်းပုံစံရှိတဲ့ အဲဒီအဆောက်အအုံကို ၂၀၀၂ ခုနှစ်မှာ ဝယ်ယူခဲ့တာလို့ လက်ရှိပိုင်ရှင် ဖာရက်ဂျီယာက ပြောပါတယ်။ ဖာရက်ဂျီယာက အဲဒီအဆောက်အအုံကို ယဉ်ကျေးမှုစင်တာအဖြစ် အသွင်ပြောင်းချင်ခဲ့ပေမဲ့ သူ့ရဲ့အစီအစဉ် အကောင်အထည် မပေါ်ခဲ့ပါဘူး။ ဒီအဆောက်အအုံအတွက် ဘယ်လောက်ဈေးခေါ်တာလဲဆိုတာကို ဖာရက်ဂျီယာက မပြောပြခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အဲဒီအဆောက်အအုံကို ကမ္ဘာတစ်ဝန်းက ထင်ပေါ်ကျော်ကြားသူတွေ လာရောက်ခဲ့ကြဖူးပါတယ်။ ၁၉၅၀ ပြည့်နှစ်တွေအတွင်း ဆရာဝန်ပေါက်စဘဝမှာ ချီဂွေဗားရားနဲ့အတူ တောင်အမေရိကတိုက်တစ်ခွင် လှည့်လည်သွားလာခဲ့တဲ့ ဂရာနာဒို့စ်ကတော့ ဒီအဆောက်အအုံကို လာလည်သူတွေထဲမှာ အကျော်ကြားဆုံးပါပဲ။

၁၉၂၈ ခုနှစ်မှာ လူလတ်တန်းစား မိသားစုကနေ မွေးဖွားခဲ့တဲ့ ချီဂွေဗားရားဟာ တောင်အမေရိကတိုက်မှာ ကြုံတွေ့နေတဲ့ ဆင်းရဲမွဲတေမှု၊ ဆာလောင်ငတ်မွတ်မှုတွေကို မြင်တွေ့ခဲ့ပြီးနောက်မှာ လက်ဝဲတော်လှန်ရေးသမားဖြစ်လာခဲ့ပြီး ၁၉၅၃-၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူပါ။ ချီဂွေဗားရားဟာ ကျူးဘားနိုင်ငံကနေ ဘိုလစ်ဗီးယားနိုင်ငံကိုသွားခဲ့ပြီး သမ္မတ အော်တူနိုရဲ့အစိုးရကို ဖြုတ်ချမယ့် သူပုန်တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုကြောင့် ဘိုလစ်ဗီးယားစစ်တပ်က ချီဂွေဗားရားနဲ့ သူ့ရဲ့ရဲဘော်တွေကို ဖမ်းမိခဲ့ပြီး ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က လျှို့ဝှက်နေရာတစ်ခုမှာ ကွပ်မျက်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ သူ့ရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ပြန်လည်တူးဖော်ပြီး ကျူးဘားနိုင်ငံမှာ ပြန်မြှုပ်နှံခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top